29 April 2010

မန္တလေး၊ ပြည်ခရီးသည်တင် EXPRESS ကားများ၏ လောဘသားများအကြောင်းသိကောင်းစရာ


မတ်လအတွင်းမှာ မန္တလေးမှ ပြည်သို့ ခရီးထွက်ခဲ့ရပါတယ်။ မန်းမှပြည် အထိ ကားခ (၉ဝဝဝ)ကျပ် ပေးရပါတယ်။ ထွက်တဲ့ ကားတွေ ကတော့ မှန်လုံခရီးသည်တင် ဘတ်စကားများ ဖြစ်ကြပါတယ်။ အောင်နိုင်သူ၊ တိုင်းလုံးကျော်၊ မြတ်မန္တလာ ထွန်း၊ မန်းရွှေပြည်လိုင်းများ ဖြစ်ပါတယ်။


ဒီကားတွေဟာ ခရီးသည်တင် ကားများ သက်သက် ဖြစ်သော်လည်း အောက်ဗိုက်ထဲမှာ ကုန်တွေအပြည့် တင်ကြပါတယ်။ မိတ္ထီလာဂိတ် ရောက်တာနဲ့ စပျစ်သီးခြင်းများကို အပြည့်ထည့် ကြပါတယ်။ ကုန် တင်ချိန်က (၁)နာရီကျော်ကျော် အချိန်ကြာပါတယ်။ ယခုလို ပူအိုက်တဲ့နွေရာ သီမှာ ခရီးသည်ကလည်း ကြားခုံပါ မကျန် အပြည့်၊ ကုန်ကလည်း အပြည့်ဆိုတော့ ခရီးလမ်းမှာ အချိန်ကိုက် ရောက်အောင် မမောင်းနိုင်ကြတော့ပါ။


တအီအီ ဖြည်းဖြည်း မောင်းနေရပါတယ်။ အဲသစ်ရာကောက်ရွာမှ ကိုးပင်ရွာ (၂၆)မိုင်ခရီး၊ မြေနီလမ်းကြမ်း ရောက်တော့ ဧရာဝတီ မြစ်လှိုင်းလုံးကြီးထဲမှာ သင်္ဘောစီးရသလို ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက်နဲ့ (၁း၃ဝ)နာရီလောက် မောင်းရပါတော့တယ်။ (သစ်ရာကောက်၊ ကိုးပင် ဒီလမ်းဆိုးကြီးကလည်း ဖွင့်ပြီးတဲ့နှစ်က စ၍ ပျက်လိုက်၊ ပြင်လိုက်လုပ်နေတာ ကိုးနှစ်တာ ကာလ ကြာနေကိုး ယနေ့အထိ မပြီးသေးပါဘူးဗျာဟု ကားဆရာများ ငိုချင်းချပြပါတယ်)။


အဲဒီလမ်းက ထွက်ခါနီးလည်း ရောက်ရော ကားလေအိတ် ပေါက်ပါတော့တယ်။ လေအိတ်လဲတာကလည်း တစ်နာရီလောက် ကြပါတယ်။ ကားဆရာတို့ရဲ့ လောဘကြီးစွာနဲ့ ခရီးသည်တင်ကားကို အောက်ဗိုက်ထဲမှာ ကုန်အပြည့် တင်ကြလို့ ငွေကျပ် ကိုးထောင်ပေးပြီး မှန်လုံကား (EXPRESS)ပေါ်မှာ ခရီးသည်များ အရှင်လတ်လတ် ငရဲကျကြရကြောင်း သတင်းကောင်းအား တင်ပြလိုက်ရပါသတည်း။