29 April 2010

မြန်မာပြည်မှာလျှပ်စစ်မီးသာမရတာပါမီတာ ထိန်းသိမ်းစောင့်ရှောက်ခ ကျပ်(၅ဝဝ)ကို ဧပြီလမှ စတင်ကာ တိုးမြှင့်ကောက်ခံလျှက်ရှိ


ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အား ပေးရေးအဖွဲ့မှ ဓာတ်အားခ တောင်းခံရာတွင် မီတာ ထိန်းသိမ်းစောင့်ရှောက်ခ ကျပ်ငွေ (၅ဝဝ)ကို ဧပြီလမှစ၍ တိုးမြှင့် ကောက်ခံလိုက်ကြောင်း သတင်းရရှိသည်။ ယခင်လများတွင် မီတာထိန်းသိမ်း စောင့်ရှောက်ခ ငွေကျပ် (၅ဝဝ)သာ ကျပြီး ဧပြီလမှ စတင်ကာ ငွေကျပ်(၅ဝဝ)အား ထပ်မံ တိုးမြှင့်လိုက်ကာ စုစုပေါင်း မီတာ ထိန်းသိမ်း စောင့်ရှောက်ခမှာ ငွေကျပ်(၁ဝဝဝ) ဖြစ်ကြောင်း မီတာ သုံးစွဲသူများထံမှ စုံစမ်းသိရှိရသည်။



မီတာသုံးစွဲရာတွင် တစ်ယူနစ်လျှင် ယခင်လများ အတိုင်းသာ ပေးဆောင်ရသည့် ငွေကျပ် (၂၅)ကျပ်သာ ကျသင့်ပြီး ထပ်တိုးပေးဆောင်ရန် သတ်မှတ်ထားခြင်း မရှိကြောင်း မီတာ သုံးစွဲသူများသည် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့သို့ ဓာတ်အားခ ပေးဆောင်ရာတွင် သက်ဆိုင်ရာ သတ်မှတ်ထားသော ငွေလက်ခံဌာနများတွင် တိုက် ရိုက်ပေးသွင်းရန်နှင့် မီတာစာရေးကိုဖြစ်စေ၊ အခြားလျှပ်စစ်ဝန်ထမ်းတစ်ဦးဦးကိုဖြစ်စေ၊ ပြင်ပလူတစ်ဦးဦးကိုဖြစ်စေ ပေးဆောင်စေ၍ ငွေကြေးပြဿနာတစ်စုံတရာဖြစ်ပေါ် လာပါက မီတာပေးဆောင်ခိုင်းသူ၏ တာဝန်သာဖြစ်ကြောင်း၊ နိုင်ငံခြားသားများ၊ နိုင်ငံခြားအဖွဲ့အစည်းများ နေထိုင်အသုံးပြုပါက နိုင်ငံခြားငွေဖြင့် ပေးဆောင်ရမည် ဖြစ်၍ မြို့နယ်လျှပ်စစ်ရုံးနှင့် ဆက်သွယ်ရန် မီတာဖြတ်ပိုင်းများတွင် အသိပေးကြေညာ ထားကြောင်းတွေ့ရှိရသည်။



ထို့အပြင် မိမိနေအိမ်တွင် တပ်ဆင်ထားသော မီတာအိမ်များ၌ ကာဘာဆီးလ် များကို YESB စမ်းသပ်အတည်ပြုရေးဌာနမှလွဲ၍ မည်သူမှ ကိုင်တွယ်ဖြတ်တောက် ခြင်းမပြုရန် မီတာသုံးစွဲသူမှ တာဝန်ယူရမည်ဖြစ်ပြီး ၄င်းဆီးလ်များမရှိခြင်း၊ လက်ရာခြေရာ ပျက်ခြင်းများဖြစ်နေပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သိရ သည်။


မြောက်ဒဂုံမြို့နယ်၊ (၄ဝ)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ကျွန်မတို့ မီတာဆောင်ရတာ နာရီစင်မှတ်တိုင်က မီတာဖြတ်ပိုင်းကောက်ခံတဲ့ရုံးမှာ သွားဆောင်ရတာ နောက်ဆုံး သတ်မှတ်ရက်တွေမှာ လူများလာရင် ကုန်ပဒေသာမှတ်တိုင်နားက စွမ်းအင်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ရုံးချုပ်မှာ မီတာသွားဆောင်ရတယ်ဟု လျှပ်တစ်ပြက်သတင်းဂျာနယ်သို့ ပြောဆိုခဲ့သည်။