08 October 2011

ဒေါ်အောင်ဆန်းစုကြည်ကို လစ်လျူရှုလိုက်ခြင်းသည် ထိုင်းဝန်ကြီးချုပ်၏အမှားဟုဆို






(The Nation မှ 6 Oct 2011 ရက်စွဲပါ “Thai PM might have made blunder by ignoring Suu Kyi” ကို yangon chronicle မှဘာသာ ပြန်ဆိုသည်)

ထိုင်းဝန်ကြီးချုပ်ယင်းလပ်ရှင်နာဝပ်ထရာသည် ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ် သွားရောက်ရာတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံရန် ပျက်ကွက်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲမှုများ နှင့်အတူ လိုက်ပါနိုင်မည့် ရွှေရောင်အခွင့်အလမ်းကို ဆုံးရှုံးသွားကာ ပြောင်း လဲနေသော ဒေသတွင်း ပထဝီနိုင်ငံရေးထဲသို့ ထိုင်းနိုင်ငံကို ထည့်သွင်းလိုက်ပြီ ဖြစ်သည်။

နေပြည်တော်လေဆိပ်သို့ မွန်းလွဲပိုင်းတွင် ဆင်းသက်ခဲ့သော ယင်းလပ်ရှင်နာဝပ်ထရာသည် မြန်မာ့မြေပေါ်တွင် ၁ဝ နာရီမျှသာ အချိန်ဖြုန်းကာ သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ၏ ရာသီဥတု စောင့်ကြည့်လေ့လာရေး ကဏ္ဍ တိုးတက်ရေးကို ကူညီရန်အတွက် မိုးလေဝသနှင့် ဇလဗေဒ တိုင်းတာရေးကိရိယာများကို ယင်းလပ်က လွှဲပြောင်းပေးအပ်ခဲ့သည့်အပြင် ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတား ပြင်ဆင်ဖြင့် နှင့် လမ်းဖောက်လုပ်ခြင်း ဆိုင်ရာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားကိုလည်း တက်ရောက် ကြည့်ရှုခဲ့သည်။ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ကိုလည်း ထိုင်းဝန်ကြီးချုပ်က သွားရောက် ဖူးမျှော် ခဲ့သည်။

ဝန်ကြီးချုပ်၏ တရားဝင်ခရီးစဉ်သည် ညပိုင်းတွင် ပြီးဆုံးကာ နေပြည်တော်မှ ပြန်လည်မထွက်ခွာမှီ မြန်မာသမ္မတ ဦးသိန်းစိန်က ထိုင်း ဝန်ကြီးချုပ် နှင့် ကိုယ်စားလှယ်အဖွဲ့ကို ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များစွာ ဝယ်ယူတင်သွင်းနေ ရခြင်းကြောင့် မြန်မာခေါင်းဆောင် ပိုင်းနှင့် ဆွေးနွေးရာတွင် စွမ်းအင်ကိစ္စအပါအဝင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို အဓိက ဦးတည် ဆွေးနွေးလိမ့်မည်ဟု ယခုခရီးစဉ်မတိုင်မီတွင် အစိုးရ သတင်း ရပ်ကွက် က ပြောကြားသည်။

ထိုင်းနိုင်ငံ၏ နာမည်ကျော် အီတာလျံ-ထိုင်း ဆောက်လုပ်ရေးကုမ္ပဏီကလည်း ထိုင်းနှင့် မြန်မာအကြား စီးပွားရေး ကူးလူးယှက်သွယ်ရန် ထားဝယ် ဒေသတွင် ရေနက်ဆိပ်ကမ်း၊ အဝေးပြေးလမ်းနှင့် အထူးစီးပွားရေးဇုန် တို့ ပါဝင်သော အကြီးစား အဆင့်လွန်မီဂါ စီမံကိန်းကြီးကို အကောင် အထည် ဖော်လျက် ရှိသည်။

နှစ်နိုင်ငံအကြား အစဉ်အလာ မပျက် ဆက်ဆံလျက် ရှိကြောင်း ကြေညာချက် ထုတ်ပြန်ရသည့် ယခုကဲ့သို့ ခရီးစဉ်မျိုးတွင် မှားယွင်းစရာ အကြောင်း မရှိပေ။ သို့သော် မြန်မာနိုင်ငံသည် ထိုင်းတို့က နှစ်နိုင်ငံ အကျိုးစီးပွား မပျက်အောင် ဆက်ဆံရေး ခိုင်မာရုံမျှသာ အလွယ်တကူ သဘောထား ၍ ရသော ပုံမှန်အိမ်နီးချင်းနိုင်ငံမှာမျိုး မဟုတ်ပါ။

မြန်မာနိုင်ငံသည် အာရှအင်အားကြီး အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား အသားညှပ်ဆင်းဒဝစ်ပေါင်မုန့် သဖွယ် မဟာဗျူဟာမြောက် ကြားညှပ် တည်ရှိကာ နယ်စပ်များ ထိစပ်နေ သည့် နိုင်ငံဖြစ် သည်။ မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေးပဋိပက္ခများ၊ အထူးသဖြင့် အစိုးရနှင့် တိုင်းရင်းသားအုပ်စုများကြားမှ ပြဿနာသည် ထိုင်းနိုင်ငံကို ဒုက္ခများစွာ ပေးလျက်ရှိသည်။

ထို့အပြင် ယခုအခါ မြန်မာနိုင်ငံသည် ဒီမိုကရေစီရေး၊ ပြန်လည်သင့်မြတ်ရေးကို ဦးတည်ကာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို စတင်လျက် ရှိ သည်။ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံတွင်းမှ အပြောင်းအလဲ များကို ဂရုတစိုက် လေ့လာစောင့်ကြည့်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ပြုပြင် ပြောင်းလဲမှုများ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စများ၏ အဓိက အကျဆုံး အစိတ်အပိုင်း တစ်ခုဖြစ်သည်။ သူမသည် ယခုအခါ လွတ်လပ်စွာ ရှိနေပြီဖြစ်၍ နိုင်ငံခြားသားများနှင့် တွေ့ဆုံခွင့်ရကာ မြန်မာနိုင်ငံတွင်းမှ ပြောင်းလဲမှုများနှင့် ပတ်သက် ၍ အမြင်ချင်းဖလှယ်မှုများပင် ပြုလုပ်နေပေပြီ။ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့မှ ထိပ်ပိုင်း တာဝန်ရှိသူများကလည်း မြန်မာ နိုင်ငံ ၏ အနာဂတ် နှင့် ပတ်သက်၍ သူမ၏ သဘောထားကို တီးခေါက်ရန် လာရောက်တွေ့ဆုံ ဆွေးနွေးလျက် ရှိသည်။

အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ သည်လည်း မကြာမီအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ် ရာ ၂ဝ၁၄ အာဆီယံဥက္ကဋ္ဌနေရာကို မြန်မာနိုင်ငံတာဝန်ယူရန် သင့်/မသင့် ကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို စူးစမ်းရန် အတွက် လာရောက်တွေ့ဆုံဦးမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယင်းလပ်နှင့် ပုဂ္ဂိုလ်ရေးအရ မသိကျွမ်းသော်လည်း ဇူလိုင်လ ရွေးကောက်ပွဲတွင် သူမ အနိုင်ရရှိကာ ထိုင်းနိုင်ငံ၏ ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ချက်ချင်းပင် ယင်းလပ်ကို ဂုဏ်ပြုနှုတ်ဆက်ခဲ့ပေသည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ၏ ရွေးကောက်ခံ အစိုးရသစ်သည် စိတ်အား တက်ကြွစရာ ဖြစ်၍ ဝန်ကြီးချုပ်သစ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီထွန်းကားရေး၊ အမျိုးသား ပြန်လည် သင့်မြတ်မှု ရရှိရေးတို့ကို အကူအညီပေးလိမ့်မည်ဟု မျှော်လင့်ခဲ့ခြင်းဖြစ်သည်။

ယင်းလပ်ကမူ ယခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အားပေး ထောက်ခံကြောင်း စကား တစ်ခွန်းပင် မပြောခဲ့သေးပေ။