02 October 2011

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လုပ်ကိုင်ရန် မြန်မာအစိုးရ အဆင်သင့်ရှိ


(The Nation သတင်းမှ 1st October 2011 ရက်စွဲပါ "Myanmar regime ready to work with Suu Kyi" သတင်းကို Y C မှဘာသာပြန်ဆိုသည်။)

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီအနေဖြင့် တရားဝင် နိုင်ငံရေးနယ်ပယ်ရပ်ဝန်းသို့ ပြန်လည်ဝင်ရောက် လာမည်ဆိုပါက မြန်မာအစိုးရက အတူတကွလုပ်ကိုင်သွားရန် အဆင်သင့် ရှိနေကြောင်း အစိုးရဝန်ကြီးက သောကြာနေ့တွင် အတိုက်အခံအုပ်စု ခေါင်းဆောင်နှင့် ဆွေးနွေးပွဲအပြီး၌ ထုတ်ဖော်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအကြား ဆက်ဆံရေးတာဝန်ယူထားသူ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က "တကယ်လို့ NLD ပါတီက ဥပဒေအရ တရားဝင် မှတ်ပုံတင်မယ်ဆိုရင် NLD ပါတီနဲ့ အတူတကွ လုပ်ကိုင်သွားဖို့ကို ကျွန်တော်တို့ အမြဲတမ်းကြိုဆိုနေပါတယ်" ဟု သတင်းထောက်များ အား ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲကို နိုင်ခဲ့သော်လည်း အာဏာမရခဲ့ပါ။ မနှစ်က ရှားရှားပါးပါး ပြန်လည်ကျင်းပသော ရွေးကောက်ပွဲတွင်မူ အကျဉ်းကျပါတီဝင်များ မပါဝင်နိုင်အောင် ဥပဒေထုတ်ပြန်ကာ ပိတ်ပင်သဖြင့် NLD ပါတီက သပိတ်မှောက်ကန့်ကွက်ခဲ့သောကြောင့် ရလဒ်အဖြစ် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ခြင်း ခံခဲ့ရသည်။

သောကြာနေ့ ဆွေးနွေးပွဲအပြီးတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးတိုးတက် ပြောင်းလဲမှုကို အခြေခံကာ ပါတီ ပြန်လည်မှတ်ပုံတင်ရေး ကိစ္စကို ထိပ်ပိုင်းပါတီဝင်များနှင့် သူမဆွေးနွေးမည်ဟု ပြောကြားသည်။

ရွေးကောက်ပွဲဟာ ဒီမိုကရေစီစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဆိုတာကို ကျွန်မတို့လက်ခံပါတယ်ဟု သူမက ဆက်လက်ပြောဆိုသည်။ သမ္မတ၏ အကြံပေး ဦးကိုကိုလှိုင်က စက်တင်ဘာလ အစောပိုင်းတွင် AFP သတင်းဌာနသို့ ပြောကြားရာ၌ အကျဉ်းကျနိုင်ငံရေးပါတီဝင်များကို တားမြစ်ပိတ်ပင် ထားသည့် ဥပဒေကို ပြန်လည်ပြင်ဆင်ရန်ရှိသည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိအာဏာရ အစိုးရသည် အရပ်သားအစိုးရ နာမည်ခံထားသော်လည်း ယခင်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ဟောင်းများဖြင့်သာ ဖွဲ့စည်းထားခြင်းဖြစ်သည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် ရာစုဝက်မျှ စစ်ဖက်က အုပ်ချုပ်ခဲ့ပြီးနောက် နိုင်ငံရေးအပြောင်းအလဲလုပ်မည့် လက္ခဏာများ ပေါ်ထွက်လာခြင်းကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုခဲ့သော်လည်း သမ္မတဦးသိန်းစိန်က သူပေးထားသော ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များကို ဆောင်ရွက်နိုင်မှာလားဆိုသည့်အချက် မသဲကွဲသေးပါဟု ပြောကြားထားသည်။