05 October 2011

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများ အတွက် ဒေါ်အောင်ဆန်းစုကြည် က သတိကြီးစွာထား



( 3 October 2011 ရက်စွဲပါ BBC News မှ Rachel Harvey ရေးသားသော Aung San Suu Kyi Cautious on Burma reform ကို Y C မှ ဘာသာ ပြန်ဆိုပါသည်။)

မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာအသိုင်းအဝိုင်းအား သူမ၏တိုင်းပြည်တွင် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဖြစ်နိုင်ချေလက္ခဏာများမှာ အစစ်အမှန်ဟုတ်မဟုတ် အနီးကပ်စောင့်ကြည့်ရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

သူမ၏မှတ်ချက်များမှာ BBC မြန်မာပိုင်းအစီအစဉ် သတင်းထောက်နှင့် တွေ့ဆုံမေးမြန်း စဉ် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ သတင်း ထောက်မှာ မြန်မာနိုင်ငံသို့ ရှားရှားပါးပါး တရားဝင်လာရောက်ခွင့်ရခြင်း ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် သမ္မတဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲရေးကို လိုလားသည်ဟု သူမယုံကြည်ကြောင်း ပြောကြားခဲ့ ပါသည်။

သို့သော် ၎င်းအနေဖြင့် မည်မျှအထိ လုပ်ဆောင်မည်ဆိုသည်ကို သူမအနေဖြင့် အသေအချာမသိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် စစ်တပ်နောက်ခံပြု အရပ်သားအစိုးရသည် ၎င်း၏ရပ်တည်ချက် ပျော့ပြောင်းရန် ကြိုးစားလျက်ရှိကြောင်း လက္ခဏာများ ပြသလျက်ရှိပြီး၊ ပြည်တွင်းရော ပြည်ပတွင်ပါ နာမည်ကောင်းရရန် ကြိုးပမ်းလျက်ရှိပါသည်။

ပြီးခဲ့သည့် အပတ်က သမ္မတကြီးသည် ပြည်သူများဆန့်ကျင်မှု တိုးပွားလာသော တရုတ်နိုင်ငံက လုပ်ဆောင်လျက်ရှိသည့် ရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းခဲ့ပါသည်။

ယခင်က ပိတ်ထားခဲ့သော ဝက်ဆိုက်ဒ်အချို့အား ဖွင့်ပေးခြင်းများရှိခဲ့ပါသည်။ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ကြားတွင်လည်း တွေ့ဆုံမှုများ ရှိလာပါသည်။

မြန်မာနိုင်ငံပြင်ပတွင် အခြေစိုက်သော သတင်းထောက်အချို့မှာလည်း မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ဗီဇာများ ရရှိခဲ့ရာ BBC မြန်မာပိုင်း အစီအစဉ်မှ သတင်းထောက်လည်း ပါဝင် သဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့ပါသည်။

မကြာသေးမီက လုပ်ဆောင်မှုများသည် မည်မျှအထိ ခရီးရောက်သနည်းဟု BBC သတင်းထောက်က သူမအား မေးမြန်းခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မကို ပြောင်းလဲမှုရဲ့ အစကို အခုမှ စတွေ့ရတာပါ”ဟု ဖြေကြားခဲ့ပါသည်။

“ဒါနဲ့ပတ်သက်လို့ ကျွန်မပြောလိုတာက သမ္မတကြီးဟာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ဒီပြုပြင်ပြောင်းလဲရေးဟာ ဘယ်လောက်အထိ သွားနိုင်မလဲ။ ဘယ်လောက်ထိရောက်မှုရှိမလဲ ဆိုတာကိုတော့ ဆက်ပြီးစောင့်ကြည့်ဖို့ လိုအပ်ပါတယ်”ဟု သူမက ဆက်လက် ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာအသိုင်းအဝိုင်းအား အတူလက်တွဲလုပ်ဆောင်ရန်နှင့် အမှန်တကယ် ထိရောက်သော တိုးတက်မှုများရှိမရှိ စောင့်ကြည့်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

“ကျွန်မအမြဲတမ်းပြောခဲ့ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပိုမိုပူးပေါင်းဆောင်ရွက်မှု ရှိတာနဲ့အမျှ မြန်မာနိုင်ငံ ဟာ ဒီမိုကရေစီအတွက် အလားအလာ ပိုကောင်းပါတယ်လို့။ တိုင်းပြည်တွေက တစ်ယောက်တစ်ပေါက်လုပ်နေရင်၊ သူတို့ရဲ့ လုပ်ဆောင်မှုတွေ ထိရောက်လိမ့်မယ်မဟုတ်ပါဘူး”ဟု သူမက ပြောကြားခဲ့ပါသည်။

၎င်းက မြန်မာနိုင်ငံတွင် ဒီမိုကရေစီဘီး လည်ပတ်နေပြီဟု ထင်သလားဟုမေးမြန်းရာ၊ ဒေါ်အောင် ဆန်းစုကြည်က သတိထား၍ ဖြေကြားရာတွင် “ကျွန်မထင်ပါတယ်။ ဒီမိုကရေစီ ဘီးကြီးလည်နေပါပြီလို့ မပြောခင်၊ ဒီထက်ပိုပြီး လည်နေတာ တွေ့ချင်ပါသေးတယ်”ဟု ဆိုခဲ့ပါသည်။