04 October 2011

နေရူး မျိုးဆက် နဲ့ အောင်ဆန်း မျိုးဆက်

ကျွန်တော် စာပေကိုစိတ်ဝင်စားတဲ့ အချိန်၊ ၁၉၆၄-၆၅ ခုနှစ်ခန့်မှာ စာအုပ် တွေ ဖတ်ရှုတဲ့အခါ အတ္ထုပ္ပတ္တိစာပေကို အလွန်စိတ်ဝင် စားပြီး ဖတ်ရှုခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း၊ မဟတ္တမဂန္ဒီ၊ နေရူး၊ အင်ဒီရာဂန္ဒီ၊ ကနေဒီ၊ ချေ-ဂွေ ဗားရား စာအုပ်တွေနဲ့ ရင်းနှီးခဲ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း၊ နေရူး၊ အင်ဒီရာဂန္ဒီ စာအုပ်တွေဟာ အမြဲတမ်းဖတ်ရှုနေရ မယ့်စာအုပ်တွေ ဖြစ်ခဲ့သမို့ ထိုမိသားစုတွေနဲ့ ရင်းနှီး နေသလိုတောင် ဖြစ်ခဲ့ရပါတယ်။ ခံစားခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း+ဒေါ်ခင်ကြည်၊ သား အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ သမီး အောင်ဆန်းစုကြည် ဆိုတဲ့ နာမည် တွေဟာ ရင်းနှီးနေသလိုမျိုး ခံစားခဲ့ရပါတယ်။ ဒီလိုပဲ မိုတီလာနေရူး၊ ဂျဝါဟာလာ ပန်ဒစ် နေရူး၊ အင်ဒီရာဂန္ဒီ၊ ခင်ပွန်း ဖားရို့စ်ဂန္ဒီ၊ သား ရာဂျစ်ဂန္ဒီ၊ ချွေးမ ဆိုနီယာဂန္ဒီ၊ သားငယ် ဆန်ဂျေးဂန္ဒီ၊ ချွေးမ မန်နက်ကာဂန္ဒီ၊ မြေးတွေဖြစ်တဲ့ ရာဟူးလ် ဂန္ဒီ၊ ပရီယန်ကာဂန္ဒီတို့ဟာလည်း ကျွန်တော့ဘ၀မှာ မှတ်မိနေတဲ့၊ သံယော ဇဉ်ဖြစ်မိနေတဲ့ နာမည်တွေ ဖြစ်ခဲ့ပါတယ်။ ကနေဒီမျိုးဆက်တွေကိုလည်း အဲဒီအချိန်ကတည်းက စာအုပ်တွေထဲမှာ ဖတ်ရှုခဲ့ရပါတယ်။ ဖစ်ဂျရယ်ကနေဒီ၊ ရို့စ်ကနေဒီ၊ ဂျွန်အက်ဖ် ကနေဒီ၊ ရောဘတ် ကနေဒီ၊ တက်ကနေဒီတို့ ကာလကလည်း ကနေဒီညီအစ်ကိုသုံးယောက် နာမည်ကြီးနေချိန် ဖြစ်ပါတယ်။

သမ္မတ ဂျွန်အက်ဖ်ကနေဒီဆုံးပြီး ဇနီး ဂျက်ကလင်းကနေဒီ၊ သားငယ်ဂျွန်(အငယ်)ကနေဒီ၊ သမီး ကာရိုလိုင်းကနေဒီ နာမည်တွေဟာ ကမ္ဘာ့မီဒီယာလောကမှာ ထို အချိန်က ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။

အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း စာအုပ်နဲ့ ပတ်သက်တဲ့ စာအုပ်၊ စာတမ်းတွေ ဖတ်ရင်းနဲ့ မေမေကြီး (ဒေါ်ခင်ကြည်)၊ ကိုကိုဦး (ဦးအောင်ဆန်းဦး)၊ ကိုကိုလင်း (ဦးအောင်ဆန်းလင်း၊ ကွယ်လွန်)၊ မမစု (အစ်မ ဒေါ်အောင်ဆန်းစုကြည်)ဆိုတဲ့ နာမည်တွေဟာ ကျွန်တော်နဲ့ ရင်းနှီးနေသလိုမျိုး ခံစားခဲ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဖတ်ရင်းနဲ့ အစ်မဖေဖေဟာ နေရူးနဲ့ အလွန် ရင်းနှီးကြောင်း၊ အစ်မဖေဖေ အင်္ဂလန် သွားတဲ့အခါ အိန္ဒိယနိုင်ငံမှာ ခရီး တစ်ထောက်နားရပါတယ်။ နေရူးနဲ့ သမီး အင်ဒီရာဂန္ဒီတို့က ကြိုဆိုဧည့်ခံကြကြောင်း၊ အင်္ဂလန်နိုင်ငံ ရာသီဥတုမှာ နေထိုင်ခဲ့ဖူးတဲ့ နေရူးက အစ်မဖေဖေကို သက္ကလတ်လောင်းကုတ် အင်္ကျီရှည် တစ်ထည် လက်ဆောင်ပေးခဲ့တာကို ဖတ်ရတော့ နေရူး မိသားစုတွေကိုလည်း ချစ်ခင်မိတဲ့စိတ်ဓာတ်မျိုး ဖြစ်ပေါ်ခဲ့ပါတယ်။

နောက်တစ်ခါ အစ်မမေမေဟာ အိန္ဒိယနိုင်ငံကို သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာလည်း နေရူးနဲ့ အင်ဒီရာဂန္ဒီတို့ဟာ အစ်မမေမေကို ဗိုလ်ချုပ်အောင်ဆန်းကတော် တစ်ယောက်အနေနဲ့ ခင်မင်ရင်းနှီးစွာ ဆက်ဆံခဲ့တာကို ဖတ်ရတော့ အရမ်းကို ခင်မင် လေးစားမိပါတယ်။

ဂန္ဒီစာအုပ်၊ နေရူးစာအုပ်တွေ ဖတ်ရင်းနဲ့ အိန္ဒိယနိုင်ငံရေးအကြောင်းတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ ဂန္ဒီရဲ့ နိုင်ငံရေး လှုပ်ရှားမှု၊ နေရူး မျိုးဆက်တွေရဲ့ နိုင်ငံရေး လှုပ်ရှားမှု၊ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးမှာ အဓိကပါဝင်ခဲ့တဲ့ ကွန်ဂရက်ပါတီရဲ့ အခန်းကဏ္ဍတွေကို လေ့လာ သိရှိခဲ့ပါတယ်။

အင်ဒီရာဂန္ဒီ စာအုပ်ဖတ်ရင်းနဲ့ အိန္ဒိယနိုင်ငံရေးကို ထဲထဲဝင်ဝင် သိခဲ့ရပါတယ်။ အထူးသဖြင့် နေရူးမျိုးဆက်နဲ့ ကွန်ဂရက်ပါတီဟာ ဘယ်လိုမှ ခွဲခြားလို့ မရနိုင်တဲ့အရာဆိုတာ ယနေ့ခေတ်အချိန်အထိ သိနေခဲ့ရပါတယ်။ ကွန်ဂရက်ပါတီဟာ ၁၉ ရာစု အစပိုင်း ကာလ နယ်ချဲ့အင်္ဂလိပ်ခေတ်ကတည်းက တည်ရှိခဲ့တဲ့ (တည်ထောင်တဲ့ခုနှစ်ကို ယခင်က မှတ်သားမိသော်လည်း ယခုမမှတ်မိတော့ပါ) အိန္ဒိယနိုင်ငံရဲ့ သမိုင်းဝင် အဓိကနိုင်ငံရေးပါတီကြီး တစ်ခုပါ။

နေရူးအဖေ မိုတီလာနေရူး လက်ထက်ကတည်းက ယနေ့ နေရူးရဲ့ မြစ်တွေဖြစ်တဲ့ ရာဟူးလ်ဂန္ဒီနဲ့ ပရီယန်ကာ ဂန္ဒီတို့ခေတ် (နေရူးရဲ့ မြေးချွေးမ ဆိုနီယာဂန္ဒီ အပါအ၀င်)အထိ တည်ရှိ နေပါတယ်။ နေရူးရဲ့ဘ၀မှာ သမီး အင်ဒီရာဂန္ဒီဟာ အဓိကပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့ပါတယ်။

'ချစ်သမီးသို့ ပေးစာများ' စာအုပ် ဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ နေရူးစာအုပ် ဖတ်ရင်းနဲ့ အင်ဒီရာဂန္ဒီကိုပါ အားလုံးက သိခဲ့ရပါတယ်။ (နေရူးရဲ့ဇနီး ကမ္မလာ နေရူးဟာ အမြဲတမ်းကျန်းမာရေး မကောင်းတဲ့အတွက် သူ့ရဲ့အခန်းကဏ္ဍဟာ နည်းခဲ့ပါတယ်။)

နေရူးမျိုးဆက်ရဲ့ အဓိကဟာ တစ်ဦးတည်းသောသမီး အင်ဒီရာဂန္ဒီပါပဲ။ နေရူးမိသားစု မောင်နှမတွေဟာ ထင်ပေါ်ခဲ့ပေမယ့် အင်ဒီရာ ဂန္ဒီလောက် မကျော်ကြားခဲ့ပါ။

အင်ဒီရာဂန္ဒီဟာ နေရူးမျိုးဆက် ယနေ့တိုင် ရှင်သန်နေအောင် ပြုစုပျိုးထောင်ခဲ့တဲ့ အဓိကပုဂ္ဂိုလ်ပါ။

ကျွန်တော်ဟာ နေရူးအတ္ထုပ္ပတ္တိဖတ်ရင်းနဲ့ အင်ဒီရာ ဂန္ဒီရဲ့ ကလေးဘ၀၊ အဘိုးရယ်၊ အဘွားရယ်၊ အဖေရယ်ဟာ မဟတ္တမဂန္ဒီကြီးရဲ့ ဆန္ဒပြပွဲတွေကို သွားရောက်ကူညီနေချိန်မှာ အိမ်ဖော်တွေနဲ့ အိမ်မှာကျန်ခဲ့ပြီး အရုပ်တွေနဲ့ကစားနေရတဲ့ ဘ၀၊ သူ့ ကစားနည်း ကလည်း နယ်ချဲ့အင်္ဂလိပ် စစ်သားရုပ်တွေနဲ့ ဆန္ဒပြနေတဲ့ ပြည်သူ လူထုအရုပ်တွေကို ကစားနေခဲ့ပါတယ်။

အဘိုး၊ အဘွား၊ အဖေဟာ အပြင်မှာ သူ့ ကစားနည်းအတိုင်းပါပဲ။ အင်ဒီရာဂန္ဒီ ဟာ အရွယ်ရောက်လာပေမယ့် ကျန်းမာ ရေးမကောင်း တဲ့မိခင်ကို ဆွစ်ဇာလန် နိုင်ငံ၊ အင်္ဂလန်နိုင်ငံတွေအထိ ပညာရေး ကိုပစ်ပြီး လိုက်လံပြုစုရင်းနဲ့ အချိန်ကုန် ခဲ့ရပါတယ်။

အဖေရဲ့ ထောင်ဝင်စာကိုလည်း အမြဲသွားတွေ့နေခဲ့ရပါတယ်။

မဟတ္တမဂန္ဒီကြီးရဲ့ ထောင်ဝင်စာကိုလည်း တွေ့ခဲ့တယ်လို့ ဖတ်ရပါတယ်။

မဟတ္တမဂန္ဒီကြီးရဲ့ ဆုံးမဩ၀ါဒတွေကိုလည်း နေရူးသမီးတစ်ယောက်အနေနဲ့ ရရှိခဲ့ဖူးပါတယ်။

မဟတ္တမဂန္ဒီနဲ့ နေရူးတို့ရဲ့ နိုင်ငံရေးအမွေကို အင်ဒီရာဂန္ဒီဟာ ရရှိခံစားရတယ်လို့ ပြောရင် မမှားပါဘူး။

ဖခင်ရဲ့ နိုင်ငံရေးအမွေကို ဖခင်နီးပါး ရရှိခဲ့တဲ့ သမီးကောင်းတစ်ယောက်ပါ။



ဆက်လက်ဖော်ပြပါမည်။

ကိုမိုးလင်း ရေးသားထားတဲ့ အထူးဆောင်းပါး အတွဲ ၂၇ ၊ အမှတ် ၅၃၇ ( ၃၀-၉ ၊ ၆-၁၀ ၊ ၂၀၁၁)(မြန်မာတိုင်းမ်) မှပြန်လည်မျှဝေပေးလိုက်ပါသည်.။