07 October 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှတ်ပုံတင်ရေးအတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဆက်လျက်ဆွေးနွေးပြီးမှ ဆုံးဖြတ်မည်ဟု သိရ

ယနေ့၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ပါတီမှတ်ပုံတင်ကိစ္စအတွက် ဗဟိုအလုပ် အမှုဆောင် အဖွဲများမှ ဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ရန်အတွက် အစည်းဝေးပြုလုပ်မည် ဖြစ်ကြောင်း အန်အယ်ဒီအဖွဲ့ချုပ်မှ စုံစမ်းသိရှိရသည်။

နေ့လည် ၁နာရီမှ ညနေ ၃နာရီအထိ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ၌ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့် CRPP အစည်းအဝေးတွင် NLD ပါတီအနေဖြင့် မှတ်ပုံတင်ခြင်းကိစ္စ၊ တိုင်းရင်းသားတိုက်ပွဲများ ဖြစ်နေသောကိစ္စနှင့် မြစ်ဆုံကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ စုံစမ်းသိရှိရသည်။

`မှတ်ပုံတင်ဖို့ကတော့ လူကြီးတွေကလည်း လက်ခံတဲ့ အနေအထားရှိတယ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ဆုံးဖြတ်ပြီးမှပဲ အတည်ပြုလို့ရမယ်၊ ဒီနေ့တော့ အချက်၃ ချက်ကိုပဲ အဓိကထား ဆွေးနွေးဖြစ်ကြတယ်၊ နောက်အစည်းဝေးဆိုရင်တော့ ဆုံးဖြတ်ချက် ချနိုင်မှာပါ`ဟု အန်အယ်ဒီအဖွဲ့မှ အဖွဲ့ဝင် ဦးအောင်ကြီးမှ ပြောသည်။

အဆိုပါ အစည်းအဝေးတွင် အန်အယ်ဒီပါတီအနေဖြင့် မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် အစီအစဉ်ရှိကြောင်း သို့သော် ဗဟိုလုပ်မှုဆောင်ကော်မတီပါတီအစည်းအဝေးတွင်မှ မှတ်ပုံတင်မည်ဟု တစ်ထစ်ချ ဆုံးဖြတ်ချက်ချနိုင်မည်ဖြစ်ကြောင်း အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ်ရုံးအတွင်းမှ စုံစမ်းသိရှိရသည်။

အန်အယ်ဒီအဖွဲ့ချုပ်ရုံးမှ ပါတီဝင်များအနေဖြင့်လည်း အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မှတ်ပုံတင်ခြင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ခြင်းကို သဘောတူလက်ခံသော်လည်း အဖွဲ့ဝင်များအချို့မှ လက်မခံနိုင်သေးကြောင်း သိရှိရသည်။

`လူကြီးတွေကတော့ဘယ်လို ဆုံးဖြတ်မလဲမသိသေးဘူး၊ လူငယ်တယောက်အနေနဲ့ ပြောရရင်တော့ အန်တီ့ဆုံးဖြတ်ချက်အတိုင်းပါပဲ။ ဒီပုံအတိုင်းဆိုရင်တော့ ၀င်ဖြစ်ဖို့ များတယ်`ဟု အန်အယ်ဒီလူငယ်အဖွဲ့ဝင်တဦးက ပြောသည်။

သတင်းများအား ပြန်လည်မျှဝေပေးသော မြစ်မခ မီဒီယာ အားအထူးကျေးဇူးတင်ရှိပါသည်.။