03 October 2011

လှည်းတန်းပြည်မြန်မာကိစ္စ ဆန္ဒပြခဲ့သော အမျိုးသမီး ၂ဦးအား ခံဝန်ထိုးခိုင်းပြီး လွှတ်ပေးလိုက်ကြောင်း သိရှိရ..

လှည်းတန်းလမ်းဆုံ၊ ပြည်မြန်မာကုန်တိုက်အနီးတွင် ပြည်ပြန်မာကုန်တိုက်အတွင်း ဆိုင်ခန်းများ ဖယ်ရှားခိုင်းရာမှ စာနာထောက်ထားပြီး ညှိုနှိုင်းပေးစေရန် ဆန္ဒပြခဲ့သောကြောင့် ဖမ်းဆီးခံခဲ့ရသော အမျိုးသမီး ၂ဦးအား ယမန်နေ့ ညနေ ၆နာရီတွင် ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

နောက်နောင် ဆန္ဒပြမည် ဆိုပါက ဖမ်းဆီးအရေးယူခံရမည်ဖြစ်ကြောင်း၊ ဆန္ဒပြလိုသူများအနေဖြင့် သက်ဆိုင်ရာသို့ စာတင်ရမည် ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်း သိရှိရသည်။

............................................................................................................
ရန်ကုန်မြို့၊ လှည်းတန်းပြည်မြန်မာကုန်တိုက်အတွင်း ဆိုင်ခန်းများ ဖယ်ရှားခိုင်းခြင်းနှင့်ပတ်သက်သော စာနာထောက်ထားစွာဖြင့် ဆောင်ရွက်ပေးရန် ဆန္ဒပြသူများအနေဖြင့်

၎င်းတို့တောင်းဆိုသောအရာမရမခြင်း နောက်ဆုတ်မည်မဟုတ်ပဲ ဆက်လက်ကြိုးစား သွားမည်ဖြစ်ကြောင်း ပြည်မြန်မာ ကုန်တိုက် ဆိုင်ခန်းရှင် များထံမှသိရသည်။

̏ ကျွန်တော်တို့အနေတောင်ဆိုထားတာတွေမရမခြင်း ဆက်ပြီးတော့ကြိုးစားသွားမှာပါ။ အခုလဲ ဆိုင်ခန်းပိုင်ရှင်အားလုံးကို အကြောင်းကြားထာပြီးပါပြီ ̋ ဟု ပြည်မြန်မာကုန်တိုက်အတွင်း နာရီပြင်ဆိုင်ဖွင့်ခဲ့သူ တစ်ဦးကပြောသည်။

၎င်းတို့အနေဖြင့် ဆိုင်ခန်းများဖယ်ရှားပေးခဲ့ရခြင်းကြောင့် နစ်နာမှုအနေဖြင့် တစ်စုံတစ်ရာပြန်လည် စီစဉ်ပေးရန် တောင်းဆိုလိုသောကြောင့် ယခုလိုဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၂ ရက်နေ့၊ နေ့လည် ၁၂နာရီခွဲအချိန်တွင် ရန်ကုန်မြို့၊ ပြည်မြန်မာကုန်တိုက်အနီးတွင် လေလံအောင်ထားသော ပြည်မြန်မာကုန်တိုက်အတွင်းမှ ဆိုင်ခန်းများ ဖယ်ရှားခိုင်းခြင်းနှင့်ပတ်သက်ပြီး စာနာထောက်ထားစွာဖြင့် ဆောင်ရွက်ပေးရန် လူ ၂၀ ၀န်းကျင်ခန့် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆန္ဒပြသူများမှ မခင်မျိုးလွင်နှင့်မသီတာအမည်ရှိ အမျိုးသမီး ၂ ဦးအား နေ့လည် ၁နာရီ အချိန်တွင် ဖမ်းဆီးသွားခဲ့ရာ ထိုနေ့ညနေ ၆ နာရီခွဲတွင် ခံဝန်ဂတိထိုးခိုင်းပြီး ပြန်လည်လွှတ်ပေးလိုက်ကြောင်းသိရသည်။

` ဟုတ်တယ် ကျွန်မတို့ကို မနေ့ကညနေ ၆ နာရီခွဲလောက်ကပြန်လွှတ်ပေးလိုက်တာ။ ခံဝန်ဂတိကိုလဲ အတင်းထိုးခိုင်းတယ်။ မထိုးရင် နိုင်ငံရေးပုဒ်မနဲ့ တရားစွဲမယ်လို့ပြောတယ် ̋ ဟု မခင်မျိုးလွင်က ပြောသည်။

ဖမ်းဆီးထိန်သိမ်းခြင်းခံထားရသူများအား နောက်တစ်ကြိမ် ဆန္ဒပြလိုပါက ခရိုင်နှင့် တိုင်းများသို့ တင်ပြပြီးမှ ဆန္ဒပြရန်ခွင့်ပြုမည်ဖြစ်ကြောင်း ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်တင်က ပြောလိုက်ကြောင်း မသီတာကပြောသည်။

ဆန္ဒပြသူများအနေဖြင့် ၎င်းတို့တောင်းဆိုသောအရာမရမခြင်း နောက်ဆုတ်မည်မဟုတ်ပဲ ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြည်မြန်မာ ကုန်တိုက်ဆိုင်ခန်းရှင် များထံမှသိရသည်။

ပြည်မြန်မာကုန်တိုက်သည် နိုင်ငံတော်၏လေလံစာရင်းထဲတွင်ပါပြီးနောက် ၂၀၁၁ ခုနှစ် ဇွန်လ (၁) ရက်နေ့ တွင်ဆိုင်ခန်းများအပြီးပြောင်းရွှေ့ပေးခဲ့ရပြီး ငါးလကျော်ကြာသည်အထိ တစ်စုံတစ်ရာ ပြန်လည် စီစဉ်ပေးခြင်းမရှိသာကြောင့် ယခုကဲ့သို့ ပထမဆုံးအကြိမ်ဆန္ဒပြ ရခြင်းဖြစ်ကြောင်းသိရသည်။

ပြည်မြန်မာကုန်တိုက်သည် ဆိုင်ခန်းပေါင်း (၉၈) ခန်းရှိပြီး အလုပ်သမား ပေါင်း(၃၀၀) ဝန်းကျင် စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ရာနေရာဖြစ်သည်။

သတင်းများပြန်လည်ဝေနမျှပေးသော.မြစ်မခမီဒီယာ အားကျေးဇူးတင်ရှိပါသည်.။