မြန်မာ့နိုင်ငံရေးမှာ အနုပညာ နယ်ပယ်ကနေ တိုင်းပြည် လွတ်လပ်ရေး အတွက် နိုင်ငံရေး နယ်ပယ်ထဲ ရောက်ရှိ တာဝန်ယူခဲ့သူတွေ အများအပြား ပါဝင်ပါတယ်။ အဲဒီလို အနုပညာရှင်တွေ အကြောင်း ပြောမယ်ဆိုရင် အာဇာနည် တဦးဖြစ်တဲ့ ဒီးဒုတ် ဦးဘချိုကို ချန်လှပ်ထားလို့ မဖြစ်ပါဘူး။ ဒီးဒုတ် ဂျာနယ်ကို ဦးစီး ထုတ်ဝေခဲ့တဲ့ အတွက် ဒီးဒုတ် ဦးဘချိုလို့ အမည်တွင်ခဲ့တဲ့ ဆရာ ဦးဘချိုဟာ စာရေးဆရာ အဖြစ်သာ မဟုတ်ဘဲ အနုပညာမျိုးစုံ ဖန်တီးနိုင်သူ ဖြစ်ပါတယ်။ ဒါကြောင့် စာရေးဆရာ သိန်းဖေမြင့်က "ဆရာ့အတွက် စွယ်စုံဆိုတဲ့ စကားနဲ့တောင် မလုံလောက်ဘူး" လို့ ရေးသားခဲ့ပါတယ်။ စာရေးဆရာ သင်္ခါကလည်း "အာဇာနည် ခေါင်းဆောင်ကြီး ဒီးဒုတ် ဦးဘချို" ဆိုတဲ့ အတ္ထုပ္ပတ္တိ စာအုပ်မှာ ဦးသန့်ရဲ့ ဆရာ့အပေါ် အမြင်ကို အခုလို ရေးသားခဲ့ပါတယ်။
"စစ်ကြိုခေတ်က ကြီးပွားရေး မဂ္ဂဇင်းတွင် ဆရာ့ အကြောင်းနှင့် ပတ်သက်၍ စာအုပ်တိုင်း မလွတ်အောင် စာဖတ် အလွန်များခဲ့သူဟု ကျော်ကြားခဲ့သော ဦးသန့် (ယခု ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း) က 'အင်္ဂလိပ် လူမျိုးများထဲတွင် အဲ့လ်ဒစ်ဟတ်စလေ ဆိုသူ ပုဂ္ဂိုလ် တယောက် ရှိသည်။ ထိုပုဂ္ဂိုလ်မှာ ဘယ်ဘက်က စမ်းစမ်း ရသူဖြစ်သည်ဟု ဆိုသည်။ သို့သော် ဒီးဒုတ် ဦးဘချိုလောက် ထိုပုဂ္ဂိုလ်မှာ စုံမည် မထင်ကြောင်း' ဟူ၍ပင် ဝေဖန် ရေးသားထားခဲ့သည်။ မှန်ပေလိမ့်မည်"
ဆရာ ဦးဘချိုဟာ စာပေဘက်မှာ ဆိုရင် ဆောင်းပါး ဝတ္ထု စတဲ့ စကားပြေမျိုးစုံကို ရေးသားနိုင်သလို ကဗျာ မျိုးစုံကိုလည်း ရေးဖွဲ့နိုင်သူ ဖြစ်ပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပမာဒ လေခ ဖြစ်ပြီး အရေးအသား ချွတ်ယွင်း သွားတာကိုတောင် ထောက်ပြပေးခဲ့ဖူးသူ ဖြစ်ပါတယ်။ သူ ဦးစီး ထုတ်ဝေတဲ့ ဒီးဒုတ် ဂျာနယ်မှာ ကလောင်မျိုးစုံ စာမျိုးစုံ ရေးခဲ့ပြီး ပြည်တွင်းရေးခန်း တခုမှာ လုပ်ကြံမှု အကြောင်းကို ကြိုတင် နိမိတ်ဖတ် ရေးသားခဲ့ဖူးတယ်လို့ သိရပါတယ်။ ဂျပန်တွေ မြန်မာပြည်ထဲကို မဝင်ရောက်ခင် ကတည်းက ဂျပန်တွေရဲ့ ဖက်ဆစ် ဝါဒကို ဖော်ထုတ်ခဲ့တဲ့ အတွက် ဂျပန်တွေ ဝင်လာတဲ့ အခါ သူ့ကို သတ်ဖြတ်ဖို့ ကြိုးစားတာ ခံခဲ့ရပြီး တပည့်တွေက အကာအကွယ် ပေးခဲ့လို့ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ရွှေဘိုမြို့ အနီးမှာရှိတဲ့ ဆိပ်ခွန်ရွာမှာ ဆရာ့ကို သွားတွေ့ရပြီး ဂျပန်တွေရဲ့ဘေးက ကယ်တင်ခဲ့ရတဲ့ အကြောင်း ဗိုလ်ချုပ် အောင်ဆန်းက ရေးသားဖူးပါတယ်။ ဒါက ဆရာ့ရဲ့ ကလောင်လက်နက် ဘယ်လောက် ထက်ခဲ့တယ် ဆိုတာကို မှန်းဆနိုင်တဲ့ အချက်ပါ။
ရန်ကုန်မြို့နဲ့ ဝေးလံတဲ့ တောရွာတွေကနေ "ဒီးဒုတ် ရန်ကုန်" ဆိုပြီး ဘာလိပ်စာမှ အတိအကျ မရေးဘဲ ထည့်လိုက်တဲ့ စာတွေကိုတောင် စာပို့သမားတွေက ဆရာ့ဆီ ရောက်အောင် ပို့ပေးနိုင်ခဲ့တယ် ဆိုတဲ့ အချက်ကလည်း ဆရာ့ရဲ့ ဒီးဒုတ်ဂျာနယ် ဘယ်လောက်ထိ သြဇာသက်ရောက်မှု ကြီးခဲ့တယ်ဆိုတာ မှန်းဆနိုင်ပါတယ်။ ဒုတိယ ကမ္ဘာစစ် ဖြစ်ခါနီးမှာ မြန်မာနိုင်ငံတော် စာရေး ဆရာများ အသင်းကြီးရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်တာ ခံခဲ့ရပါတယ်။
အဲဒီလို စာပေဘက်မှာ ထူးချွန်ပြီး သြဇာရှိတဲ့ ဆရာဟာ ဆေးကျမ်း၊ အဂ္ဂိရတ်၊ ဗေဒင်နက္ခတ်၊ ရာဇဝင်သမိုင်း၊ လောကဓာတ် ပညာရပ်တွေကို နိုင်နင်းသလို ရုပ်ရှင်လုပ်ငန်း၊ ပန်းချီပညာ၊ ဓာတ်ပုံပညာတွေကိုလည်း နားလည်သူ ဖြစ်တယ်လို့ သိရပါတယ်။ ဂီတနဲ့ ပတ်သက်လို့လည်း ကိုယ်တိုင်က စောင်းကောက်ကိုသာ တီးတတ်ပေမဲ့ ဘယ်တူရိယာနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို မဆို ရှင်းပြနိုင်ပြီး မြန်မာ့ ဂီတကိုတောင် ခေတ်မီနည်းတွေနဲ့ ပြန့်ပွားအောင် လုပ်ခဲ့တဲ့ အကြောင်း ဆရာ သိန်းဖေမြင့်က ၁၉၄၇ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ထုတ် ဂျာနယ်ကျော်မှာ ရေးသားခဲ့ပါတယ်။
အဲဒီလို အနုပညာရှင် တဦး ဖြစ်တဲ့ ဆရာ ဦးဘချိုဟာ မြန်မာပြည် လွတ်လပ်ရေး အတွက် ကြိုးပမ်းတဲ့အခါ ရာထူးမမက်၊ ကိုယ်ကျိုးမဖက်ဘဲ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ပထမ ကျောင်းသားသပိတ် ပေါ်ပေါက်ပြီး အမျိုးသား တက္ကသိုလ် ထူထောင်တဲ့ အခါ ဆရာ ဦးဘချိုက ထူထောင်သူ တဦး အဖြစ် ပါဝင်ခဲ့ပြီး ပေါင်းတည်နဲ့ ဟင်္သာတမြို့တို့မှာ ကျောင်းဆရာ လုပ်ကိုင်ခဲ့ပါတယ်။ ဆရာဟာ လူတိုင်း အပေါ် စေတနာ ကောင်းပြီး အပေးအကမ်း ရက်ရောသူ ဖြစ်ပါတယ်။ ၁၉၂၇ - ၂၈ လောက်မှာ ဒီးဒုတ် ဂျာနယ်ကနေ တလကို ငွေ ၃,၀၀၀ ကျော်လောက် ဝင်ငွေ ရှိတာတောင် သူတပါးကို ပေးကမ်းမှုတွေကြောင့် ဘယ်တော့မှ ကေ့းမကင်းပါဘူး။ နောက်ဆုံး ဝန်ကြီးဖြစ်တဲ့ အချိန်မှာတောင် ချောင်ချောင်လည်လည် မရှိဘူးလို့ ဆရာ သိန်းဖေမြင့်က ရေးသားခဲ့ပါတယ်။ ဒီလို စိတ်ထားကောင်းလို့လည်း လူငယ် နိုင်ငံရေး ခေါင်းဆောင်တွေက လေးစား ကြည်ညိုခဲ့တာ ဖြစ်ပါလိမ့်မယ်။ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းကလည်း ဆရာ ဦးဘချိုကို လေးစားခဲ့ပါတယ်။ ဒါကြောင့် စစ်အပြီးမှာ ပြန်လည် ထုတ်ဝေတဲ့ ဒီးဒုတ်ဂျာနယ်အတွက် အမှာစာမှာ အခုလို ရေးသားခဲ့ပါတယ်။
"ဒီးဒုတ်ဂျာနယ် အယ်ဒီတာချုပ် ဦးဘချိုမှာ ဝါရင့်သော ဝံသာနု တဦးပင် ဖြစ်ပေသည်။ ထိုမျှမက သူ၏ အယူအဆ ထင်မြင်ချက်များကို သဘောမတူသူများ ရှိပင် ရှိလင့်ကစား သူ့ကို အာဏာလု သို့မဟုတ် ဝမ်းစာလု သို့မဟုတ် ရာထူးလု ဝံသာနုဟု မည်သူမျှ မစွပ်စွဲနိုင်ပေ။
ကျွန်တော်သည် ဆရာ ဦးဘချိုနှင့် ၁၉၃၆ ကျောင်းသား သပိတ်နှစ်လောက်က ကောင်းစွာ သိကျွမ်းခဲ့ရာ သူ၏ ဉာဏ်ရည် ဖန်ရည်နှင့်တကွ စိတ်ထားကို ကောင်းစွာ သိခဲ့ပါသည်။ ကျွန်တော်တို့နှင့် ဆရာ ဦးဘချို ယခု ဖဆပလခေတ်တွင်မှ နိုင်ငံရေးအားဖြင့် ရင်းရင်းနှီးနှီး ပေါင်းလာ ခဲ့ကြသော်လည်း ၁၉၃၆ ခု၊ သပိတ်လောက်တုန်းကပင် စ၍ အရေးရှိလျှင် ရှိသလို ဆရာ ဦးဘချို၏ ထိရောက်သော အကူအညီများ ရရှိခဲ့ပေသည်။"
ဒီအမှာစာကို ကြည့်မယ်ဆိုရင် နိုင်ငံရေး ဝင်လုပ်နေတဲ့ စာရေးဆရာ အတွက် နိုင်ငံရေးသမားက စာရေး ပေးထားတယ် ဆိုတဲ့ အချက်ကို တွေ့ရပါလိမ့်မယ်။ ဒါဟာ ဘယ်ဟာမှ သီးခြား ရှိမနေဘဲ တနည်းတဖုံ ဆက်စပ်နေတတ်တဲ့ သဘောတွေ ဖြစ်ပါတယ်။
ဗိုလ်ချုပ် အောင်ဆန်းဟာ ဒီးဒုတ် ဂျာနယ်အတွက် အဲဒီ အမှာစာကို ၁၉၄၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့မှာ ရေးသားခဲ့တာပါ။ ဒီအမှာစာ ရေးပြီးလို့ နောက်ထပ် ၁ နှစ်နဲ့ ၈ ရက် အကြာမှာတော့ ဆရာတို့ ၂ ဦးစလုံး လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။ အခုဆိုရင် သူတို့ ကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၆၀ ကျော်သွားပါပြီ။ ဒါပေမဲ့လည်း စနစ်တကျ အချိန်ယူပြီး ဝိုင်းဝန်း ပြုစုထားတဲ့ "ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ" စာအုပ်ကြီး တအုပ် မယ်မယ်ရရ မပေါ်ထွက် လာသေးသလို စာပေါင်းများစွာ ကဗျာပေါင်းများစွာ ရေးသားခဲ့တဲ့ ဒီးဒုတ်ဦးဘချိုရဲ့ စာပေါင်းချုပ်လည်း မထွက်လာသေးပါဘူး။ ဒါက တိုင်းပြည်အတွက် ဝမ်းနည်းစရာ ကောင်းတဲ့ အနေအထားပါ။
ဘယ်လိုပဲဖြစ်ဖြစ် စာပေ အနုပညာရှင်တွေက နိုင်ငံ့ အကျိုးအတွက် ဆိုရင် နိုင်ငံရေး တာဝန်တွေကိုလည်း ထမ်းဆောင် သင့်တယ် ဆိုတဲ့ အချက်ကို ဆရာ ဦးဘချိုက ပြသခဲ့တာ ဖြစ်တယ်။ နိုင်ငံရေးဟာ နိုင်ငံရေး၊ တခြား ဘာရေး ညာရေးတွေနဲ့ ရောယှက်လို့ မရဘူး ဆိုတဲ့ သဘောတရားတွေသာ မှန်ခဲ့မယ်၊ အားလုံးကလည်း အဲဒီအတိုင်း လိုက်နာ ကျင့်သုံးခဲ့မယ် ဆိုရင်တော့ မြန်မာပြည်ဟာ အင်္ဂလိပ် လက်အောက် ဒါမှမဟုတ် ဂျပန် လက်အောက်ကနေ ဒီကနေ့ထိ လွတ်မြောက်မှာ မဟုတ်သေးဘူးလို့ ယူဆမိကြောင်းပါ။
ထိန်လင်း
(၉၊ ၁၀၊ ၂၀၀၈)
၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့မှာ နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့ အသံ (ဒီဗွီဘီ) က ထုတ်လွှင့်သွားတဲ့ ထိန်လင်းရဲ့ "စွယ်စုံရ အနုပညာရှင် အာဇာနည် ဒီးဒုတ် ဦးဘချို" ဆောင်းပါးကို မိုးမခ ကွန်ရက် စာမျက်နှာ (၂၀၀၈ အောက်တိုဘာ ၁၅ ရက်နေ့) ကနေ ပြန်လည် ကူးယူ လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။