22 July 2010

ပြည်တွင်း ၊ပြည်ပ အများပြည်သူလူထုအလှူရှင်အပေါင်းကျေကျေနပ်နပ်ဝမ်းသာအားရ.. သာဓုခေါ်ဆိုနိုင်



အောင်ပြီလားဟေ့ . . . အောင်ပြီဟေ့

၁၉.၇.၂၀၁၀ (အာဇာနည်နေ့)တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ အသင်းသူ/ သားများမှ ပဲခူးတိုင်း၊ ပြည်မြို့၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းတိုက်နယ် အတွင်းရှိ ဇီးကုန်းလေး ကျေးရွာ၊ သက္ကယ်ချင်းကုန်းကျေးရွာ၊ ပန်းတောင်းမြို့နယ်ရှိ မကျည်းစုကျေးရွာနှင့် ပြည်မြို့ ရွှေပေါက်ပင် ကျောင်းတိုက်တို့တွင် အများပြည်သူတို့အား သောက်သုံးရေ ရရှိရေးအတွက် အ၀ီစိတွင်း တူးဖော်ခြင်း နှင့် အုတ်ရေကန်များ တည်ဆောက်လှူဒါန်းခြင်း အစုစုတို့အတွက် စက်ရေတွင်းများအပ်နှံ လှူဒါန်းပွဲ အခမ်းအနားသို့ သွားရောက်ပြီး အောင်မြင်စွာဖြင့် ဖွင့်လှစ်ပေးခဲ့ပါသည်။

ယင်းသို့ ဖွင့်လှစ်ရာတွင် ဖွင့်ပွဲအခမ်းအနားတွင် နမောတဿ (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနားအား စတင်ဖွင့်လှစ် ခဲ့ပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ သောက်သုံးရေ ရရှိရေးအတွက် အ၀ီစိတွင်း တူးဖော်ပေးခြင်း၊ အုတ်ရေကန်များ ဆောက်လုပ်လှူဒါန်း ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ သက်ဆိုင်ရာ ကျေးရွာအသီးသီးတို့မှ ရပ်မိရပ်ဖ တစ်ဦးဆီမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် လှူဒါန်းမှု အစုစုတို့အတွက် ပြည်တွင်း ပြည်ပ အလှူရှင်များကိုယ်စား ရေစက်သွန်းချ မေတ္တာပို့သ အမျှပေးဝေ၍ ဗုဒ္ဓ သာသနံ စိရံတိတတ္ထု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာဖြင့် ကျင်းပခဲ့ပါသည်။

ထို့သို့ သွားရောက်ရာတွင် မော်တော်ယာဉ်ဖြင့် သွားလာရန် ခက်ခဲသော ဇီးကုန်းလေးနှင့် သက္ကယ်ချင်းကုန်းကျေးရွာများသို့ မော်တော်ဆိုင်ကယ်ဖြင့် သွားရောက်ကာ ရပ်မိရပ်ဖတို့နှင့် တွေ့ဆုံကြပြီး အခမ်းအနားကို ကျင်းပပေးခဲ့ပါသည်။ ပြည်မြို့ ရွှေပေါက်ပင်ကျောင်းဝင်း အတွင်းရှိ ရေအလှူပွဲသည် တိုက်တိုက်ဆိုင်ဆိုင် ရွှေပေါက်ပင်ဆရာတော်ဘုရားကြီး၏ မွေးနေ့ သက်တော် (၆၀) ပြည့်နေ့၊ ရွှေပေါက်ပင်ကျောင်းဝင်းအတွင်းရှိ ရွှေရန်ပြေဘုရားအား ကြာသင်္ကန်းယက်လုပ် ပူဇော်သော နေ့၊ မေတ္တာပန်းကုံး သီကုံး၍ မြတ်စွာဘုရားရှင်အား ဒေ၀တာနတ်မင်းအပေါင်းမှ တစ်ဆင့် ဆက်ကပ် ပူဇော်ခြင်း၊ သစ်သီးဆွမ်း ကပ်လှူပူဇော်ခြင်း စသည့် ကုသိုလ်ကောင်းမှုများနှင့်အတူ ရေတွင်း ရေကန်များ လှူဒါန်းခြင်း ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။

ဤကဲ့သို့ ရေအလှူ ကုသိုလ်တော်ပွဲကြီးသည် ပြည်မြို့တ၀ှိက်တွင် အခက်အခဲမျိုးစုံကြားမှ အောင်မြင်စွာ ပြီးစီးသွားပြီ ဖြစ်ပါ၍ ပြည်တွင်း ပြည်ပမှ အများပြည်သူ အလှူရှင်များအနေနှင့် သာဓု အနုမောဒနာ ခေါ်ဆိုနိုင်တော့ပြီ ဖြစ်ပါကြောင်းနှင့် “အောင်ပြီလားဟေ့ … အောင်ပြီဟေ့” ဟု ဟစ်ကြွေး လိုက်ရပါတော့သည်။

ပြည်တွင်း ပြည်ပ အလှူရှင်များ၏ ဆန္ဒကို အကောင်အထည်ဖော် ထုတ်ပေးရာတွင် မြန်မာလူမျိုး အချင်းချင်း ရိုင်းပင်းကူညီ ဖေးမခဲ့သော ပြည်မြို့ ပရဟိတလူငယ်အဖွဲ့ ကိုညီညီအောင်နှင့် ကိုမိုးကြီးတို့ အဖွဲ့သူ/သားများနှင့် ပုတီးကုန်းမြို့နယ် လူငယ့်အားမာန် ပရဟိတလူငယ် အဖွဲ့သူ/ သားများ၊ နယ်ခံ ပြည်သူလူထုအပေါင်းတို့အား ကျေးဇူးတင်ရှိပါကြောင်း နှလုံးသားထဲမှ မှတ်တမ်းတင် အပ်ပါသည်။

ကျော်သူ


ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။