22 July 2010

တနင်္သာရီတိုင်းတွင် အကြီးဆုံးတည်ဆောက်နေသော ကြယ်ငါးပွင့်ဟိုတယ်ကို ၂၀၁၂ တွင် ဖွင့်မည်

ထိုင်းနိုင်ငံ အခြေစိုက် KR Commercial and Property ကုမ္ပဏီ၏ လုပ်ငန်းခွဲ Pearl Lagura အပန်းဖြေလုပ်ငန်းသည် တနင်္သာရီတိုင်းတွင် အကြီးဆုံးကြယ်ငါးပွင့်ဟိုတယ်ကို တည်ဆောက်လျက်ရှိပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ထိုင်းအင်တာနက်သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ ယင်း ကြယ်ငါးပွင့်ဟိုတယ်သည် အမေရိကန်ဒေါ်လာ ၁၅သန်း ကုန်ကျမည်ဖြစ်ပြီး အပန်းဖြေဟိုတယ်ကို အပိုင်းလိုက်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း အခန်း ၆၀ခန့်ကို ပထမဖွင့်လှစ်မည်ဖြစ်ကာ ဒုတိယအဆင့် အခန်း ၄၀ကို ဆက်လက်ဆောက်လုပ်မည်ဖြစ်ပြီး လာမည့်နှစ်တွင် စတင်မည်ဖြစ်ကြောင်း ယင်းသတင်းတွင် ပါရှိသည်။ အဆိုပါ အပန်းဖြေဟိုတယ်တွင် Standard Suite နှင့် Superior Suite အခန်းသုံးမျိုး ပါဝင်ပြီး ညီလာခံခန်းမ၊ အစည်းအဝေးခန်းများ၊ စားသောက်ဆိုင်များ၊ ရေကူးကန်၊ အားကစားခန်းမ၊ ဈေးဝယ်စင်တာနှင့် အခွန်လွတ်အရောင်းဆိုင်များ ပါဝင်မည်ဖြစ်ကြောင်း Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။