21 July 2010

ရှော့ပင်းစင်တာပါ ဗီယက်နမ်စီးပွားရေးစင်တာ မြန်မာနိုင်ငံတွင် တည်ထောင်မည်

ဗီယက်နမ်-မြန်မာ ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်မှုကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်ရန်အတွက် ရှော့ပင်းစင်တာပါဝင်သော ဗီယက်နမ်စီးပွားရေးစင်တာ (Vietnamese Business Home) တစ်ခုကို လာမည့်နှစ်လအတွင်း စတင်တည်ထောင်မည်ဖြစ်ကြောင်း ဗီယက်နမ်လေကြောင်းလိုင်းမှ အထွေထွေမန်နေဂျာ မစ္စတာဖူက ပြောကြားသည်။ ယင်းစီးပွားရေးစင်တာအား ဗီယက်နမ်နိုင်ငံ၏ အင်အားကြီး စီးပွားရေးလုပ်ငန်းစု တစ်ခုဖြစ်သည့် DONG LUC GROUP က ရင်းနှီးမြှပ်နှံမည်ဖြစ်ကာ ယင်းအတွက် အောင်ဆန်း အားကစားဝင်းအနီးရှိ လေးထပ်အဆောက်အအုံတစ်ခုကို ဌားရမ်းရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ “မြန်မာနိုင်ငံမှာ နိုင်ငံခြားသား အဆောက်အဦ ပိုင်ဆိုင်ခွင့်မရှိတဲ့အတွက် အဆောက်အဦငှားရမ်းမှာ ဖြစ်ပါတယ်။ နောက်နှစ်လလောက်မှာ စတင် ပြင်ဆင်မှာဖြစ်ပါတယ်။ မှန်းထားတာကတော့ ပုံမှန်အခြေအနေအရဆိုရင် နောက်လေးလလောက်မှာ ဒီစီးပွားရေးစင်တာကို စတင်လည်ပတ်နိုင်ပါလိမ့်မယ်” ဟုယင်းကပြောကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။