18 July 2010

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်အင်္ဂလိပ်ဘာသာဖြင့်ရေးသားခဲ့တဲ့ "မြန်မာ့စိန်ခေါ်သံ"(Burma's Challenge by Aung San)စာအုပ်မှ"နိဒါန်းနှင့်ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ



နိဒါန်း

ဤစာအုပ်ငယ်သည် မြန်မာပြည်တွင်းမှ ဂျပန် ကျူးကျော်ရေးသမားတို့အား မောင်းထုတ်ပြီးသည့်နောက် အထူးထူးသော အရေးအခင်းများနှင့် ပတ်သက်၍ ပြောဆိုခဲ့သော ကျွန်ုပ်၏ အရေးပါသော ဟောပြောချက်များနှင့် မိန့်ခွန်းများကို စုစည်း ဖော်ပြထားချက် တရပ်ဖြစ်၍ ထိုခေတ် ထိုကာလရှိ မြန်မာပြည်၏ အခြေအနေများ၊ ပြဿနာများနှင့် သဘော ဆန္ဒများကို ရှင်းလင်း ဖော်ပြ ထားလေသည်။ မြန်မာပြည်၏ ပြဿနာများနှင့် ဖြစ်ရပ်များကို ကမ်းကုန်လမ်းကုန်၊ သို့မဟုတ် နိုင်နိုင်နင်းနင်း ကိုင်တွယ် သုံးသပ်ထားသည် ဟူ၍ကား မဆိုလိုပေ။ သို့သော် မြန်မာပြည်၏ လက်ရှိ အဖြစ်အပျက်များနှင့် ပြဿနာများ၏ ယေဘုယျ ရှေ့ရှုချက်များကိုမူ ဖော်ထုတ် ညွှန်ပြပေးနိုင်လိမ့်မည် ဟူ၍ကား မြှော်လင့်မိပေသည်။


တကမ္ဘာလုံး သိသည့်အတိုင်း မြန်မာပြည်သည် ဒုတိယ ကမ္ဘာစစ် နှစ်ကြိမ် ဖြစ်ခဲ့ရသည်။ လွန်ခဲ့သော နှစ်က အဓိက စစ်မြေပြင် ဖြစ်ခဲ့ရသော တရုတ်ပြည်မှ လွဲလျှင် ဂျပန် စစ်ဝါဒီတို့အား ကျော်ကြားစွာ တော်လှန် တိုက်ခိုက်နိုင်ခဲ့သော တိုင်းပြည် နှစ်ပြည်မှာ ဖိလိပိုင်နှင့် မြန်မာပြည်တို့ပင် ဖြစ်သော်လည်း မြန်မာပြည်သည် ယခုအခါ ပြင်ပကမ္ဘာ၏ မေ့လျော့ခြင်းကို ခံရတော့မတတ် ဖြစ်နေရသည်။ တဖန် တိုင်းပြည်က ငယ်ပြီး လူဦးရေကလည်း မပြောပလောက် (၁၇ သန်းသာ ရှိသည်) စေကာမူ မြန်မာပြည်၏ စီးပွားရေး အလားအလာများသည် ညံ့ဖျင်းခြင်း မရှိသည့် အပြင် မြန်မာပြည်သည် အရှေ့ဖျားနှင့် အရှေ့တောင် အာရှ၏ မဟာဗျူဟာတွင် မလွဲမရှောင်သာအောင် ပြင်ပ ကမ္ဘာကြီး၏ အထူးသဖြင့် ကမ္ဘာကြီးနှင့် ကမ္ဘာ့ အရှေ့ခြမ်းတွင် ငြိမ်းချမ်းရေး ဖန်တီး ထိန်းသိမ်းထားရေး အတွက် အရေးတကြီး လိုလားနေသည့် တိုင်းပြည်များ၏ ပိုမို စိတ်ဝင်စားမှုနှင့် ဖျတ်လတ် တက့်ကသော အာရုံစိုက်မှုကို တောင်းဆိုလျက် ရှိပေသည်။ သို့မဟုတ် တောင်းဆိုထိုက်လျက် ရှိပေသည်။ မြန်မာပြည်သည် ဘာဖြစ်သည်၊ ဘာဖြစ်ခဲ့သည်၊ ဘာဖြစ်လိမ့်မည်၊ ပြင်ပ ကမ္ဘာကြီးသို့ မြန်မာပြည်က ဘာကို ကမ်းလှမ်းနိုင်၍ ပြင်ပ ကမ္ဘာကြီးမှ ဘာကို ပြန်ရယူနိုင်ရမည် အစရှိသည်တို့ကို ယင်းတို့အနေဖြင့် သိထားရန် လိုအပ်သည်။ ထို့ကြောင့်ပင် ကျွန်ုပ်သည် ဤစာအုပ်ငယ်၏ အမည်ကို 'မြန်မာ့ စိန်ခေါ်သံ' ဟု ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ဤစာအုပ်ငယ်သည် ဗမာ့အရေးတည်း ဟူသော ဗမာ့ လွတ်လပ်ရေး အတွက် ကမ္ဘာကြီး၏ အာရုံစိုက်မှု၊ နားလည်မှု၊ ကိုယ်ချင်းစာမှုနှင့် အပြုသဘောဖြင့် ထောက်ခံ အားပေးမှုတို့ကို နှိုးဆော်ခြင်း ပြုသည်မှာ သံသယဖြစ်စရာ မလိုသောကြောင့်ပေတည်း။


(ပုံ) အောင်ဆန်း
ရန်ကုန်၊ ၁၉၄၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။


ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်း


မကွေးခရိုင် နတ်မောက်မြို့၌ ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကို ဖွားမြင်ခဲ့သည်။ ကျေးလက်ပိုင်းရှိ ကြေးရည်တတ် လူကုံထံ မျိုးရိုးမှ ဆင်းသက်သူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဘိုးဘေးများသည် ထင်ရှား ကျော်ကြားသော မျိုးချုစ် ပုဂ္ဂိုလ်များ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ပထမဦးစွာ နတ်မောက်မြို့ မြန်မာ အထက်တန်းကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြား၍ အင်္ဂလိပ်စာပေ၊ ခေတ်မီသမိုင်းနှင့် နိုင်ငံရေးသိပ္ပံ ဘာသာများကိုယူကာ ဝိဇ္ဇာတန်းကို အောင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင်ပင် ဥပဒေတန်းကို တက်ရောက် သင်ကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အစောပိုင်းကာလ ပညာရေး ခရီးလမ်းသည် ဆုတံဆိပ်များ၊ ပညာသင်ဆုများ ဆွတ်ခူးနိုင်ခြင်းဖြင့် တောက်ပြောင်မှု ရှိခဲ့သော်လည်း တက္ဗသိုလ်သို့ ရောက်ရှိလာချိန်တွင်မှု တိုင်းပြည်တဝှမ်းလုံး၌ ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင် တဦးအဖြစ် နိုင်ငံရေး စိတ်ထက်သန်မှုနှင့် နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်လာခြင်းကြောင့် ပညာရေး ခရီးလမ်းမှာ မဖြောင့်ဖြူးဘဲ ဖြစ်ခဲ့ရသည်။ ကျောင်းသားတို့၏ ရပိုင်ခွင်များ၊ မကျေနပ်ချက်များ အတွက် လှုံ့ဆော်သောကြောင့် တက္ကသိုလ်မှ ထုတ်ပစ်မည် ဟူ၍ နှစ်ကြိမ်တိုင်တိုင် ခြိမ်းချောက် ခံခဲ့ရသည်။ အကယ်အားဖြင့်လည်း ရန်ကုန် တက္ကသိုလ်မှ သုံးနှစ်တာမျှ ယာယီ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ဤသို့ ထုတ်ပယ်ခံရခြင်းသည် ၁၉၃၆ ခုနှစ် အစောပိုင်း၌ တပြည်လုံးနှံ့ ကျောင်းသား သပိတ်ကြီး မှောက်ခဲ့ရမှု၏ လောလောဆယ် အကြောင်းရင်း တရပ် ဖြစ်သည်။ ယင်းကျောင်းသား သပိတ်ကြီးတွင် သူသည် ထင်ရှားသော ခေါင်းဆောင် တဦး ဖြစ်ပေသည်။ ယင်းသပိတ်ကြီးကြောင့် တနှစ် ပညာသင် ပျက်ခဲ့ရသည်။


ရန်ကုန် တက္ကသိုလ်တွင် ပညာသင် နို့သောက်စို့ရင်း သူသည် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ အဖြစ် လည်းကောင်း၊ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယဥက္ဗဌနှင့် ဥက္ဗဌ အဖြစ်၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို စတင် ထူထောင်သူ တဦးနှင့် ဥက္ကဋ္ဌ အဖြစ် လည်းကောင်း အထူးထူးသော ကျောင်းသား အဖွဲ့အစည်းများ၌ ပါဝင် ဆောင်ရွက်ခဲ့သည်။ ကျောင်းသား အဖြစ်ဖြင့်ပင် ၁၉၁၈ ခုနှစ် အစောပိုင်းတွင် အစိုးရက ခန့်အပ်သော ယူနီဗာစီတီ အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီ၌ အခြား ကျောင်းသား ကိုယ်စားလှယ် တဦးနှင့်အတူ ပါဝင်ခဲ့ပြီး ယူနီဗာစီတီ အက်ဥပဒေကို အတော်အတန် တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းအက်ဥပဒေကို မြန်မာပြည် ဥပဒေပြု ကောင်စီက ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအက်ဥပဒေကို ၁၉၂၀ ခုနှစ်နှင့် ၁၉၃၆ ခုနှစ်တို့တွင် ပေါ်ပေါက်ခဲ့သည် ပြည်လုံးနှံ့ ကျောင်းသား လှုပ်ရှားမှုများနှင့် သပိတ်မှောက်မှုများ၏ ရေသောက်မြစ်ပင် ဖြစ်ပေသည်။ သူသည် တက္ကသိုလ် ကျောင်းသား ဘဝတွင် အင်္ဂလိပ် သတင်းစာ၊ မြန်မာ့ သတင်းစာများသို့ ဆောင်းပါးများ ပေးပို့ခဲ့သည်။ ထို့ပြင် ထိုစဉ်က ဗမာပိုင် ဗမာဦးစီး၍ အင်္ဂလိပ်ဘာသာဖြင့် ရက်သတ္တပတ်လျှင် သုံးကြိမ် ထုတ်ဝေသော အမျိုးသား စာစောင်ဖြစ်သည့် 'နယူးဘားမား' ဂျာနယ်၏ အယ်ဒီတာ အဖွဲ့တွင်လည်း အတန်ကြာ ပါဝင် ဆောင်ရွက်ခဲ့သည်။ ၁၉၃၈ ခုနှစ်၊ အောက်တိုဘာလတွင် သူသည် ဥပဒေတန်း တက်နေရာမှ ရုတ်တရက် ချက်ခြင်း ရပ်ပစ်လိုက်သည်။ ထိုသို့ ရပ်ပစ်လိုက်ခြင်းမှာ မြန်မာနိုင်ငံတွင် ထိုစဉ်က တခုတည်းသော တက့်ကသည့်၊ အမျိုးသားစိတ် ပြင်းပြသည့် နိုင်ငံရေး ပါတီ ဖြစ်သော ဒို့ဗမာ အစည်းအရုံး (သခင်) ၌ ပါဝင်၍ အမျိုးသား လွတ်လပ်ရေးတည်း ဟူသော မျိုးချစ် လုပ်ငန်း အတွက် အလုပ်အကျွေး ပြုရန် ဖြစ်ပေသည်။


သူသည် ယင်းနိုင်ငံရေး ပါတီတွင်းသို့ ဝင်ရောက်ချိန်လောက်မှ စ၍ ၁၉၄၀ ခုနှစ်၊ သြဂုတ်လတွင် အဖမ်းမခံဘဲ တိုင်းပြည် လွတ်လပ်ရေး အတွက် ဆက်လက် တိုက်ပွဲဝင်ရန် မြေလျှိုး သွားသည် အထိ ယင်းပါတီ အထွေထွေ အတွင်းရေးမှူး အဖြစ် ထမ်းရွက်ခဲ့သည်။ သူသည် သခင် ခေါင်းဆောင် တဦး အဖြစ် ၁၉၃၉ ခုနှစ် အစောပိုင်းတွင် ဖမ်းဆီး ချုပ်နှောင်ခြင်း ခံရသည်။ ထိုစဉ်က ထုတ်ပြန်သော အစိုးရ ကျေညာချက် အဆိုအရ 'အစိုးရအား အကြမ်းဖက်၍ တွန်းလှန် ဖြိုချရန် လုပ်ကြံမှု' ကို ခေါင်းဆောင်သူ တဦးအဖြစ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ သို့သော် များမကြာခင်မှာပင် ပြန်၍ လွတ်လာခဲ့သည်။ သခင် ပါတီ၏ အထွေထွေ အတွင်းရေးမှူး အဖြစ် သူအပြင်းအထန် လုပ်ခဲ့သည်မှာ သံသယ ဖြစ်စရာ မလိုပေ ဟူ၍ လည်းကောင်း၊ ဒို့ဗမာ အစည်းအရုံး (သခင်ပါတီ၏ တရားဝင် အမည်) အား ယခု လုပ်နေသည့် အဖျက်အဆီး အနှောင့်အရှက် လုပ်ငန်းမျိုးကို လုပ်ဆောင်နိုင်စေရန် ဖန်တီးခဲ့သူ သုံးဦး အနက် တဦးဖြစ်ပြီး၊ ပါတီ၏ အရေးကြီးသော ဆုံးဖြတ်ချက်နှင့် ပေါ်လစီပေါင်း များစွာကို ဖော်ထုတ်ရေး အတွက် တဝန်ယူခဲ့သည် ဟူ၍ လည်းကောင်း၊ ထိုစဉ်က အစိုးရ မှတ်တမ်းများ၌ ရေးသား ထားလေသည်။ ဗမာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး၏ အလုပ်အမှုဆောင် ကောင်မတီဝင် အဖြစ်လည်း ထမ်းဆောင်ခဲ့သည်။ ၁၉၃၉-၄၀ ခုနှစ် အတွင်း ဒေါက်တာ ဗမော်နှင့် အတူ၊ ဗမာ့ လွတ်လပ်ရေး အတွက် တိုက်ပွဲ ဝင်လိုကြသော ပါတီများ၊ အစိတ်အပိုင်များ စုစည်ထားသည့် ဗမာ့ ထွက်ရပ်ဂိုဏ်းကို ဦးဆောင် ဖွဲ့စည်းရာတွင် အဓိက ပုဂ္ဂိုလ် တဦး ဖြစ်သည်။ သူသည် ဗမာ့ ထွက်ရပ်ဂိုဏ်၏ အတွင်းရေးမှူး အဖြစ် မြေလျှိုး သွားခဲ့ရချိန် အထိ ထမ်းဆောင်ခဲ့သည်။ ၁၉၄၀ ခုနှစ် မတ်လတွင် အိန္ဒိယ အမျိုးသား ကွန်ဂရက် ပါတီ၏ ဖိတ်ကြားချက် အရ ယင်းပါတီ၏ ရမ်းဂါး ညီလာခံသို့ တက်ရောက်သည့် သခင် ကိုယ်စားလှယ် အဖွဲ့ကို ခေါင်းဆောင်ခဲ့သည်။ ထို့နောက် အိန္ဒိယပြည်ရှိ ဝါယာ၊ ဗာရာဏသီ၊ အလ႞ာဟာဘတ်၊ အဂ္ဂရာ၊ ဒေလီ၊ ပက်ရှဝါ၊ ခိုင်ဘာတောင်ကြား၊ လာအို၊ အမ်ရစ်ဆာ အာမက်ဒဘတ်၊ ဘုံဘေနှင့် ကာလ်ကတ္တားမြို့တို့သို့ ခရီးလှည့်ခဲ့သည်။ အိန္ဒိယပြည်မှ ပြန်လာခဲ့ရပြီးနောက် မြန်မာပြည် အတွင်း၌ နယ်ချဲ့ ဆန်ကျင်ရေး၊ စစ်ဆန့်ကျင်ရေး လုပ်ငန်းများ အပြင်းအထန် ဆောင်ရွက်ရင်း ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ကိုယ်စားလှယ် အဖြစ်၊ ရန်ကုန် တက္ကသိုလ် ကောင်စီဝင် အဖြစ် ကာလ အတန်ကြာ ဆောင်ရွက်ခဲ့သည်။ သူ့အား ဖမ်းဆီးရန် ဝရမ်း ထုတ်လိုက်ရာတွင် သူသည် ဝရမ်းကို တိမ်းရှောင်ကာ မြေလျှိုးခဲ့သည်။ ဤသို့ ဝရမ်းထုတ်သည့် အတွက် လူငယ်တို့ အတွင်း၌ မငြိမ်မသက် ဖြစ်မှုများ ပေါ်ထွက် လာရသောကြောင့် နောင်အခါတွင် ဝရမ်းကို ပြန်လည် ရုပ်သိမ်း ခဲ့စေကာမူ သူသည် မြေလျှိုး၍ပင် ဆောင်ရွက် နေခဲ့သည်။


သူသည် တရုတ်ပြည် အမွှိုင်မြို့သို့ တိုင်းပြည် လွတ်လပ်ရေး တိုက်ပွဲ အတွက် အပြည်ပြည်ဆိုင်ရာ အဆက်အသွယ်နှင့် အကူအညီ ရရှိရန် ထွက်ခွာ သွားခဲ့ပြီး၊ ယင်းမြို့ရှိ အပြည်ပြည် ဆိုင်ရာ ဒေသတွင် နှစ်လခန့် နေထိုင်ခဲ့သည်။ ထို့နောက် မြန်မာပြည်ရှိ ရဲဘော်များ၏ စီစဉ်ပေးချက် အရ၊ ဂျပန်နှင့် အဆက်အသွယ်ရကာ ဂျပန်တို့က လာရောက်၍ သူ့အား တိုကျိုမြို့သို့ ခေါ်သွားခဲ့သည်။ တိုကျိုမြို့တွင် သုံးလခန့် နေရပြီးနောက် ဂျပန်တို့ ပေးအပ်လိုက်သော စီမံကိန်းကို မြန်မာပြည်ရှိ ရဲဘော်များ သိရှိစေရန် ၁၉၄၀ ခုနှစ် အစောပိုင်းတွင် မြန်မာပြည်သို့ ပြန်လာခဲ့ရသည်။ များမကြာခင်တွင် သူသည် တိုကျိုသို့ ပြန်သွားခဲ့သည်။ မြန်မာပြည်တွင်း၌ တော်လှန် ထ့ကရေးကို ခေါင်းဆောင်နိုင်ရေး အတွက် ဂျပန်တို့၏ စစ်သင်တန်းသို့ တက်မည့် ပထမ အသုတ် လူငယ်တစုကို သူနှင့် တပါတည်း ခေါ်ဆောင် သွားခဲ့သည်။

၁၉၄၂ ခုနှစ် အစောပိုင်းတွင် သူသည် ဘန်ကောက်မြို့သို့ ရောက်ခဲ့ပြီး ဂျပန်တို့၏ အကူအညီဖြင့် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ထိုမြို့၌ ဖွဲ့စည်းခဲ့သည်။ ဂျပန်တို့ မြန်မာပြည်ကို ဝင်ရောက် တိုက်ခိုက်သည့် အခါတွင် သူသည် ဂျပန်တို့နှင့် အတူ မြန်မာပြည်သို့ ချီတက် လာခဲ့သည်။ ဂျပန်ပြည်၌ ရှိစဉ်ကပင် သူနှင့် သူ့ရဲဘော်တို့သည် ဂျပန်တို့နှင့် ပဋိပက္ခ ဖြစ်ခဲ့ကြသည် ဖြစ်ရာ ဂျပန်တို့ မြန်မာပြည်တွင်းသို့ ချီတက် ဝင်ရောက်ခဲ့ပြီး၊ မြန်မာပြည်သူတို့အား ပို၍ ပို၍ နှိပ်စက်ကလူ ပြုလာချိန်တွင်မူ ပဋိပက္ခ ဖြစ်မှုသည် ပိုမို ပြင်းထန် လာခဲ့လေသည်။ သူသည် မြန်မာပြည်တွင်းသို့ ပြန်မဝင်ခင်နှင့် ဂျပန်တို့ ရန်ကုန်ကို သိမ်းပိုက် ပြီးချိန်တို့တွင် ဂျပန် ဆန့်ကျင်ရေး လုပ်ငန်းကို စည်းရုံး လုပ်ဆောင်ရန် ကြိုးစားခဲ့သော်လည်း အထမမြောက်ခဲ့ချေ။ သို့သော် ဗမာ့ လွတ်လပ်ရေး တပ်မတော်တွင်း၌ ဂျပန် ဆန့်ကျင်ရေး စိတ်ဓာတ်များ ရှိနေကြောင်းကိုမူ တိုင်းပြည်က ကောင်းစွာ သိရှိ နေခဲ့ပေသည်။ ထိုအကြောင်းကြောင့် လည်းကောင်း၊ ထိုစဉ်က ဂျပန်စစ်ဗိုလ် ဦးစီးသော ဘီအိုင်အ၏ အာဏာသြဇာဖြင့် စစ်နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သော 'ဘီအိုင်အေ အုပ်ချုပ်ရေးအဖွဲ့' အချို့၏ အလွန်အကျွံ ပြုမှုတို့ကို ချက်ကောင်းယူကာ ဘီအိုင်အေ အပေါ် ဆန့်ကျင်သည့် နိုင်ငံရေး ရန်သူများ၏ မသမာသော အကြံအစည် ပြုမူချက်များကြောင့် လည်းကောင်း၊ ဘီအိုင်အေကို ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။ တပ်အင်အားကိုလည်း လျော့ချခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်မှူးကြီး အဆင့်ဖြင့် ဗမာ့ ကာကွယ်ရေး တပ်မတော်ကို ကြီးမှူး ကွပ်ကဲ ခဲ့လေသည်။


၁၉၄၃ ခုနှစ်၊ မတ်လတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဒေါက်တာဗမော်တို့သည် အခြားပုဂ္ဂိုလ် နှစ်ဦးနှင့်အတူ၊ တိုကျိုမြို့သို့ လာရောက်ရန် ဖိတ်ကြားခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းမှာ (မေဂျာဂျင်နရယ်) ဗိုလ်ချုပ်ကလေး အဆင့်သို့ တိုးမြှင့်ခြင်း ခံရသည်။ ဂျပန်ဘုရင်နှင့် တွေ့ဆုံခဲ့ရပြီး၊ တတိယအဆင့် တက်နေတံဆိပ် ချီးမြှင့်ခြင်း ခံခဲ့ရလေသည်။ တိုကျိုမြို့မှ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက်၊ တိုကျိုပြန်များအား ဂုဏ်ပြုသည့် ဧည့်ခံပွဲ တခုတွင် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်သို့ ရောက်ရှိလာတော့မည့် လွတ်လပ်ရေးသည် အနည်းနှင့် အများ အမည်ခံ လွတ်လပ်ရေး ဖြစ်လိမ့်မည် ဟူ၍ အရိပ်အ့မက်အားဖြင့် ပြောဆိုခဲ့သည်။ ထို့နောက် မြန်မာပြည် ကာကွယ်ရေးနှင့် သူကိုယ်တိုင် သေနာပတိ အဖြစ် ဆောင်ရွက်နေသော ဘီဒီအေတို့နှင့် ပတ်သက်သော ပြဿနာများကို တင်ပြရေး အတွက် လွတ်လပ်ရေး ပြင်ဆင်မှု ကော်မရှင်တွင် ပါဝင် ခန့်အပ်ခြင်း ခံရသည်။ ထိုနောက် မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးသည်ဆိုသော အခမ်းအနားတွင် သူသည် မေဂျာဂင်နရယ် (ဗိုလ်ချုပ်ကလေး) အဆင့်ဖြင့် စစ်ဝန်ကြီး ဖြစ်လာခဲ့ပြီး၊ လွတ်လပ်ရေး တနှစ်မြောက်သည့် နေ့တွင် ဂျပန်အစိုးရက အပ်နှင်းသော ပထမဆင့် ရတနာတံဆိပ်ကို အခြား ပုဂ္ဂိုလ်များနှင့်အတူ ရရှိခဲ့လေသည်။ သို့သော် ဗမာ့ လွတ်လပ်ရေး နှစ်ပတ်လည် အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းသည် အမည်ခံ ဗမာ့ လွတ်လပ်ရေးကို ဖွင့်ဟ တိုက်ခိုက်ရင်း၊ ဂျပန် ဆန့်ကျင်ရေး မိန့်ခွန်းကို ပွင့်ပွင့်လင်းလင်း မိန့်ကြားခဲ့လေသည်။ ထိုမိန့်ခွန်းသည် တိုကျိုမြို့ရှိ ဂျပန်အစိုးရ ရပ်ကွက်၌ပင် ဂယက်ရိုက် စေခဲ့သည်ဟု အဆို ရှိပေသည်။


၁၉၄၃ ခုနှစ်တွင် သူသည် ဂျပန် ဆန့်ကျင်ရေး၊ တော်လှန်ရေး လုပ်ငန်းကို စည်းရုံးရန် ထပ်မံ ကြံစည် အားထုတ်ခဲ့ရာ ၁၉၄၄ ခုနှစ်၊ သြဂုတ်လတွင် ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကို အောင်မြင်စွာ ဖွဲ့စည်းနိုင် ခဲ့လေသည်။ ၁၉၄၄ ခုနှစ် အကုန်လောက်တွင် သူသည် မဟာမိတ် စစ်ဌာနချုပ်နှင့် အဆက်အသွယ် ရခဲ့သည်။ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် သူသည် ဂျပန် စစ်ဝါဒီတို့အား တိတိလင်းလင်း တော်လှန်သည်။ တော်လှန်ရေး တိုက်ပွဲကို ရှေ့ဆောင်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလတွင် သူနှင့် လုပ်ဖော်ကိုင်ဖက် ပုဂ္ဂိုလ် ၁၀ ဦးသည် ကန္ဒီမြို့သို့ သွား၍ ဗြိတိသျှ ဦးစီးမှု အောက်ရှိ မြန်မာ စစ်တပ်နှင့် (ပီဘီအက်ဖ်) ခေါ် မျိုးချစ် ဗမာ့ တပ်မတော် (ထိုစဉ်က ဂျပန်ကို တော်လှန်သည့် မြန်မာတို့၏ တပ်မတော်အမည်) ကို ပူးပေါင်းရေး အတွက် သဘောတူ စာချုပ် ခဲ့ကြသည်။ ဗြိတိသျှ အစိုးရ၏ ကိုယ်စား လော့ဒီလူဝီမောင် ဘက်တန်က ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်မှူးချုပ် အဆင့်ဖြင့် ဗမာ့ တပ်မတော် ဒုတိယ သေနာပတိချုပ် (ဒပျူတီ အင်စပက်တာ ဂျင်နရယ်) အဖြစ် ခန့်အပ်သည်။ သို့သော် သူသည် ရာထူးကို မိမိလက်ထောက် ပုဂ္ဂိုလ်များထဲမှ ပုဂ္ဂိုလ် တဦးအား ခန့်အပ်စေပြီး တိုင်းပြည် လွတ်လပ်ရေး အတွက် ဆက်လက် ကြိုးပမ်းရန် တပ်မတော်မှ ထွက်ခဲ့လေသည်။ ၁၉၄၅ ခုနှစ်၊ သြဂုတ်လတွင် သူသည် ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ထိုနောက် တဖန် ကိုယ်စားလှယ် ပေါင်း ၁,၃၀၀ နှင့် စတင် ဖွင့်လှစ်သော နေ့တွင် လူထုပရိသတ် တသိန်းနီးပါး တက်ရောက်ခဲ့သော ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ၌ ကျင်းပသည့် ဖဆပလ အဖွဲ့ချုပ်၏ ပထမမြောက် ညီလာခံတွင် ဥက္ကဋ္ဌ အဖြစ်ပင် အရွေးခံရပြန်သည်။ ၁၉၄၆ ခုနှစ်၊ အောက်တိုဘာလတွင် ဘုရင်ခံ၏ အမှုဆောင် ကောင်စီ၌ ပါဝင် ဆောင်ရွက်ရေး အတွက် ပုဂ္ဂိုလ် ၁၁ ဦး၏ အမည်ကို တင်သွင်းရန် အကြောင်းကြားခြင်း ခံခဲ့ရသည်။ သို့သော် ဘုရင်ခံထံမှ ကျေနပ်လောက်သော စည်းကမ်းချက်များကို မရသောကြောင့် သူသည် အမည် တင်သွင်းချက်ကို ပြန်လည် ရုပ်သိမ်း ခဲ့လေသည်။ သို့သော် ယင်းသို့ ပြန်လည် ရုပ်သိမ်းလိုက်ခြင်းမှာ သူနှင့် သူဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော ဖဆပလ အဖွဲ့ချုပ်တို့၏ နောက်ရှိ ပြည်သူတို့၏ အလိုအရ ဆောင်ရွက်ခြင်း ဖြစ်လေရာ၊ ဗြိတိန်နိုင်ငံရှိ ဗြိတိသျှ အစိုးရကပင်လျှင် ဖဆပလ အဖွဲ့ချုပ်၏ လူထု ထောက်ခံမှု ရရှိပုံကို ဗြိတိသျှ ပါလီမန် အတွင်း၌ မလွဲသာဘဲ ဝန်ခံခဲ့ရပြီး၊ ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင်းသို့ ဝင်နိုင်စေရန် ဖဆပလ အတွက် တံခါးဖွင့်ထား နေသေးဆဲပင် ဖြစ်ပေသည်။

ယမင်းစာပေက နိုင်ငံရေး စာပေ ခွင့်ပြုချက် အမှတ် (၂၈၂) နဲ့ ပုံနှိပ် ဖြန့်ချိလိုက်တဲ့၊ မောင်မြဦး မြန်မာပြန်ခဲ့တဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့တဲ့ "မြန်မာ့ စိန်ခေါ်သံ" (Burma's Challenge by Aung San) စာအုပ်မှ "နိဒါန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်း" ကို ပြန်လည် ကူးယူ လွှင့်ပေးလိုက်တာ ဖြစ်ပါတယ်။