23 July 2010

အခွန်တံဆိပ်မရှိသော အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များ သိမ်းဆည်း

အခွန်တံဆိပ်ကပ်ထားခြင်းမရှိသော ပြည်တွင်း၊ ပြည်ပထုတ် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များကို သက်ဆိုင်ရာက ဇူလိုင် ၁ရက်မှစ၍ လိုက်လံစစ်ဆေးပြီး တွေ့ရှိပါက စတင်သိမ်းဆည်းနေပြီဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ အခွန်မဆောင်ဘဲ ရောင်းချပါက နိုင်ငံခြားထုတ် စီးကရက်ကို လုံးဝဖျက်ဆီးမည်ဖြစ်ပြီး အရက်အမျိုးမျိုးကိုမူ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းကာ လေလံတင်သွားမည်ဖြစ်ကြောင်း၊ လေလံဆွဲလိုသူက အကောက်ခွန်ဥပဒေအရ အခွန်ဆောင်ပြီး ပြန်လည်ဝယ်ယူနိုင်ကြောင်း ၄င်းကပြောသည်။ ပြည်တွင်းထုတ် ပစ္စည်းများမှာမူ အခွန်တံဆိပ်ကပ်၊ အခွန်ဆောင်ပြီး ပြန်လည်ရယူနိုင်ကြောင်း ပြောသည်။ နိုင်ငံခြားမှ တင်သွင်းလာသော ပစ္စည်းများကို သတ်မှတ်အခွန်နှုန်းများအတိုင်း ကောက်ခံ၍ အခွန်တံဆိပ်ကပ်ပေးခြင်းကို ဧပြီလ ၁ရက်နေ့ကတည်းက စတင်ခဲ့ပြီး ပြည်တွင်းထုတ်ပစ္စည်းများမှာမူ ၂၀၀၇ခုနှစ်ကတည်းက အခွန်တံဆိပ်ကပ်ပြီးမှ ရောင်းချခွင့်ပြုခဲ့ကြောင်း မြန်မာတိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါသည်။