08 June 2012

မောင်တော မြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်း

မောင်တော မြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်းနှင့် လက်ရှိ ဆိုးရွားနေသော အခြေအနေကို အလျင်အမြန်ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လူထောင်ချီရှိသော ဘင်္ဂါလီ ရိုဟင်ဂျာများမှ မြို့တော်ခန်းမအနီရှိ အိမ်များကို ယနေ့ မွန်းလွဲပိုင်းမှ စ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံ အများစုက မိမိအိမ်နှင့် ဝေးရာသို့ ထွက်ပြေး နေရကြောင်း သိရသည်။ အဆိုပါ မီးရှို့ဖျက်ဆီးခံရသော အိမ်များအနက် မောင်တောမြို့ ရွာသစ်ရပ်ကွက်ရှိ Weekly Eleven News Journal သတင်းထောက်၏ နေအိမ်လည်း ပါဝင်ကြောင်း သိရှိရသည်။ မောင်တောမြို့ လုံခြုံရေးကို ရဲတပ်ဖွဲ့မှ တာဝန်ယူပြီး အင်အား ၂၀၀ ၀န်ကျင်ခန့်သာရှိကြောင်း သိရသည်။ လက်ရှိအခြေအနေမှာ ထိန်သိမ်းရန် ခက်ခဲသော အခြေအနေ ရှိနေကြောင်း ဒေသခံတစ်ဦးမှ ပြောကြားပါသည်။

ယနေ့ညနေ ၃ နာရီ ၅၀ မိနစ်အချိန်အထိ သိရှိရသော သတင်းများအရ မောင်တောမြို့နယ် ဘိုမင်းရွာကို ဘင်္ဂါလီ ရိုဟင်ဂျာများက မီးရှို့နေကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ရှိကြောင်း၊ ပစ်ခတ်မှုမရှိသေးကြောင်း၊ ဒေသခံများထံမှ သိရှိရသည်။

မောင်းတောမှာ ဘင်္ဂါလီတွေ လိုက်ပြီး ဖျက်ဆီးနေတာနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို သိရှိလိုပါတယ် ဟု Eleven Media Group မှ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှုးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုသူတစ်ဦးက "ဘာမှ မသိရသေးပါဘူး။ ဆက်သွယ်လို့မရသေးပါဘူး။" ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် ယင်းဖြစ်စဉ် ဆက်ဖြစ်နေတုန်းပဲလားဟု ထပ်မံမေးမြန်းရာ "ဟုတ်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့ပြီး ဖုန်းကျသွားခဲ့ရာ ထပ်မံ ခေါ်ဆို၍ မရရှိတော့ပါ။

လက်ရှိအခြေအနေတွင် မောင်တောမြို့သို့ ဖုန်းဖြင့် ဆက်သွယ်ရာတွင် ဖုန်းအများစု ဆက်သွယ်၍ မရရှိတော့ပါ။ 


 နောက်ဆက်တွဲ အခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်။
သတင်း... Eleven Media Group.