06 June 2012

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်နှင့် ပတ်သက်ပြီး အမှန်ကန်ဆုံးစကားကို လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဒီလို ပြဿနာတွေ ဖြစ်ရင် ကျွန်မရဲ့ အတွေး နှစ်ခုကို ရောက်သွားတယ်။ နံပါတ်တစ်က ဥပဒေစိုးမိုးရေး၊ နံပါတ်နှစ် လှုံ့ဆော်တဲ့သူများ ရှိသလားဆိုတဲ့ စိုးရိမ်စိတ် အချက် နှစ်ခုပါ။

ဥပဒေစိုးမိုးရေးလို့ ဘာလို့ ပြောရတာလဲဆိုရင် ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိတယ်ဆိုရင် ပထမဦးဆုံး ပြဿနာ တစ်ခုဖြစ်ရင် အရေးအခင်း တစ်ခု ဖြစ်ပြီ၊ မှုခင်းတစ်ခု ဖြစ်ပြီဆိုရင် ပီပီပြင်ပြင် မြန်မြန်ဆန်ဆန် အရေးယူလိုက်ပြီ ဆိုရင် ဒီပြဿနာတွေ ကြီးထွားသွားမှာ မဟုတ်ဘူး။ ပြဿနာ တစ်ခုကို မဖြေရှင်းလိုက်တာနဲ့ နောက်ပြဿနာ အကြီးကြီး တစ်ခု ထပ်ဖြစ်လာမယ်။

… … …

အဲဒီဟာတွေ မြန်မြန်ဆန်ဆန် လုပ်နိုင်လို့ရှိရင် ပြဿနာတွေကို ထိန်းထားလို့ ရတယ်။ မြန်မြန် မလုပ်နိုင်ရင် ပြဿနာတွေ ကြီးလာမယ်။

နောက်တစ်ခုက ကျွန်မကတော့ ဥပဒေနဲ့ ပြောရမှာဘဲ။ ကျွန်မတို့ ပြည်သူတွေ အနေနဲ့လည်း စိုးရိမ်ပူပန်မှုတွေ ရှိမလား ဆိုတဲအချက်၊ လှုံဆော်တဲ့သူတွေများ ရှိသလား။ တချို့ကျတော့ အခြေအနေ မတည်ငြိမ်အောင် လှုံ့ဆော်တာတော့ မဟုတ်ဘူး၊ ထပြီး အော်ချင်တဲ့သူတွေ ရှိတယ်။ အဲဒီလို အော်တဲ့အခါ ကျွန်မတို့ နိုင်ငံအတွက်၊ လူထုအတွက် အကျိုးရှိမလား၊ မရှိဘူးလား ဆိုတာ မဆင်ခြင်ပဲ ထပြီးတော့ အော်မယ်ဆိုရင် အဲဒါလည်း မလိုလားအပ်ဘဲနဲ့ ပြဿနာတွေကို ကြီးထွားလာနိုင် စေပါတယ်။ ဒါကြောင့်နားငြီးလောက်အောင် ဥပဒေစိုးမိုးရေး၊ ဥပဒေစိုးမိုးရေး ဆိုပြီး ပြောနေရတာ။

… … …

ပထမဦးဆုံး ဖြစ်တဲ့ ရာဇဝတ်မှု ဖြစ်တဲ့သူတွေကို ထိထိမိမိနဲ့ မြန်မြန်ဆန်ဆန် ကိုင်တွယ်လိုက်နိုင်မယ် ဆိုရင် ဒီမီးတောက် ဖြစ်လာစရာ မရှိဘူး။ အခု ဥပဒေစိုးမိုးရေး အနေနဲ့ ဒီပြဿနာတွေကို ထိန်းသိမ်းစေ ချင်တယ်။ ဒေါသကို အခြေခံပြီးတော့ မလုပ်ပါနဲ့။ ကျွန်မတို့ဟာ မိသားစုဝင် တွေပါပဲ။ လူတိုင်း အေးအေးချမ်းချမ်း နေချင် ကြတာပါပဲ။

နောက်တစ်ခုကတော့ ပြောကို ပြောရမယ်။ ကျွန်မ အမြဲ ပြောတယ်။ လူများစု ဆိုတာဟာ လူနည်းစု အပေါ်မှာ ဂရုဏာ ထားရမယ်။ အဲဒါကို ကျွန်မ သတိထားဖို့ ပြောတာပါ။ ကျွန်မ ပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်။ ကြိုက်တာ မကြိုက်တာထက် ပြောသင့်တာကိုတော့ ပြောရမှာဘဲ။

လူများစု ဆိုတာ ကိုယ့်ရဲ့ အင်အားက ရှိပြီးသား။ အများစုအင်အားက ရှိပြီးသားမို့ ပိုပြီးတော့ သဘောထား ကြီးတတ်ရမယ်။ ဂရုဏာ ဝင်အောင် ထားနိုင်ရမယ်။ ကျွန်မတို့ နိုင်ငံမှာ ရှိတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး ပြည်သူပြည်သား အားလုံး တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်နဲ့ အေးအေးချမ်ချမ်း နေစေချင်တယ်။

ဒီလိုဖြစ်ပေမဲ့ ကျွန်မတို့ အနေနဲ့ ကူညီနိုင်တာ ဆိုရင် ကူညီမယ်။ လုပ်ပေးနိုင်တာ လုပ်ပေးမယ်။ ဒါပေမဲ့ ဖြစ်ပွားနေတဲ့ ကိစ္စတွေ ပိုကြီးသွားအောင် လုပ်နေတာမျိုးကို ရှောင်စေချင်တယ်။

(ဗဟန်းမြိုကနယ် ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်က ပြုလုပ်သော သတင်းမီဒီယာများနှင့် တွေ့ ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ၏ ပြောကြားချက်များမှ ကောက်နုတ်ချက်)

သတင်း....  The Voice Weekly