03 June 2012

ဆန္ဒပြအလုပ်သမားများအား ကူညီသည့်အဖွဲ့အစည်းအချို့ အမြတ်ထုတ်မှုများ ဖြစ်ပေါ်

ရန်ကုန်မြို့နယ် လှိုင်သာယာစက်ရုံများ၌ စက်ရုံအလုပ်သမားများ ဆန္ဒပြတောင်းဆိုမှုများဖြစ်ပွားခဲ့သည့်အချိန်တွင် ယင်းသို့ ဆန္ဒပြတောင်းဆို သည့် အလုပ်သမားများထက် လာရောက်ကူညီအမြတ်ထုတ်ကြသည့် အဖွဲ့အစည်းမှလူပုဂ္ဂိုလ်များသည် ပို၍များပြားလျက်ရှိကြောင်း ဆန္ဒပြတောင်းဆိုသူ စက်ရုံဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ သိရသည်။ "ကျွန်မတို့ ဆန္ဒပြတောင်းဆိုတဲ့အချိန်မှာ လာပြီး ကူညီကြတဲ့ NLDပါတီက လူတွေလည်း ရှိပါတယ်။ ပြီးတော့ တစ်ခြားအဖွဲ့အစည်းတွေလည်း ရှိတယ်။ 

သူတို့က ထမင်းထုတ်တို့ဘာတို့ ဝေတယ်ပေါ့။ ဒါပေမယ့် တကယ်တမ်း ရဲတွေလာတဲ့အချိန်လည်းကျရော သူတို့တွေက မရှိတော့ဘူး။ နောက်ဆုံး တကယ်ဆန္ဒပြတဲ့ ကျွန်မတို့ပဲကျန်တယ်။ အဲဒီတော့ သူတို့က ကျွန်မတို့ကို ဘာလာလုပ်ပေးတာလဲဆိုတာ ရေရေရာရာမသိဘူး။ ပြီးတော့ သူတို့တွေက အပြင်အဖွဲ့အစည်းတစ်ခုကနေ ပိုက်ဆံယူပြီး ဒီမှာလုပ်ပေးနေတယ်လို့လဲ သိရပါတယ်။ အဲဒီအတွက်လည်း တော်တော်ဝမ်းနည်းမိပါတယ်"ဟု ၎င်းက ဆို သည်။

 လှိုင်သာယာမြို့နယ်မှ စက်ရုံများတွင် တောင်းဆိုဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိပြီး ယင်းသို့ ဆန္ဒပြတောင်းဆိုသည့်လူများအား နိုင်ငံရေးပါတီများ နှင့် အဖွဲ့အစည်းအချို့မှ လာရောက် ကူညီထောက်ပံ့ပေးမှုများရှိသော်လည်း ၎င်းတို့သည် ဆူပူအုံကြွမှုအား ပိုမိုဖြစ်ပေါ်စေချင်သည့်သဘော သက်ရောက် နေကြောင်းနှင့် သက်ဆိုင်ရာရဲများမှ ရောက်ရှိလာကြသောအချိန်၌ ယင်းအဖွဲ့အစည်းများမရှိတော့ဘဲ ဆန္ဒပြတောင်းဆိုသည့် အလုပ်သမားများသာ ကျန်ရှိ ကြောင်း သိရသည်။ "ဘာမှမဖြစ်ခင်ကတော့ လာပြီး ကူညီကြတယ်။ 

ရဲတွေလည်း ရောက်လာရော ဒီအတိုင်းပြန်ထွက်သွားပြီး ဆန္ဒပြတဲ့အလုပ်သမားတွေပဲ ကျန်ခဲ့ တယ်။ သူတို့တွေက ထွက်သွားတော့ ဆန္ဒပြတဲ့အလုပ်သမားတွေ ထမင်းစားဖို့တောင် အဆင်မပြေတော့တဲ့အနေအထားဖြစ်နေတယ်။ ကူညီမယ့်သူတွေ လည်း မလာကြတော့ဘူး။ ကျွန်တော် စုံစမ်းသိရှိသလောက်ဆိုရင် တစ်ချို့အဖွဲ့အစည်းတွေက သူတို့အတွက် ပိုက်ဆံရလို့ လာပြီး လုပ်နေတာလို့လည်း သိရတယ်။ ပြောရမယ်ဆိုရင် ပရောဂျက်လိုပုံစံမျိုးပေါ့"ဟု ယင်းဆန္ဒပြမှုများနှင့် ပတ်သက်၍ သတင်းယူနေသည့် ပြည်တွင်းသတင်းထောက်တစ်ဦးက ဆိုသည်။

 ဇွန်လ ၁ ရက်နေ့မှစတင်၍ တောင်းဆိုဆန္ဒပြနေသည့် စက်ရုံတစ်ချို့အား အာဏာပိုင်အဖွဲ့အစည်းများမှ လာရောက်စောင့်ကြည့်မှုများ ပြုလုပ် လျက်ရှိပြီး နောက်ပိုင်းတွင် ပို၍များပြားလာသည့်အတွက် လာရောက်ကူညီကြသည့် နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းများသည် ဆန္ဒပြမှုအား ပါဝင်လုပ် ဆောင်ကူညီနေရာမှ ရှောင်ထွက်သွားကြသည့်အတွက် စက်ရုံအလုပ်သမားများသည် ကျန်ရှိပြီး ကူညီမယ့်အဖွဲ့အစည်းများမရှိတော့သည့်အတွက် အလုပ်သမားများအတွက် စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်နေကြကြောင်း လှိုင်သာယာမြို့နယ် စက်မှုဇုံ (၁)မှ တော်ဝင်မြန်မာအထည်ချုပ်စက်ရုံမှ စက်ရုံဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

 သတင်း... အလင်းရောင်