06 June 2012

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်နှင့် ပတ်သက်ပြီးသတင်းမီဒီယာများက သတိကြီးစွာ ထားပြီး ဖော်ပြ သင့်ဟု ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး ပြောကြား

''ကျွန်တော်တို့ ၈၈မျိုးဆက် ကျောင်းသားများအနေနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းကို ဦးတည်ပြီးတော့ သွားနေတဲ့အချိန်မှာ အရေးကြီး ဆုံးက မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ မတူညီတဲ့ ဘာသာရေးအယူအဆ၊ မတူညီတဲ့ နိုင်ငံရေးအတွေးအခေါ်တွေကို သည်းခံတဲ့ အလေ့ အကျင့်တွေ ကို ပြုစု ပျိုးထောင်ဖို့၊ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းထဲမှာ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့ အစည်းကို တည်ဆောက် ဖို့က အရေးကြီး ဆုံးပါ။

အဲဒီတော့ ကျွန်တော်တို့ လူပုဂိုလ်တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့နဲ့ ဖြစ်စေ၊ ရာဇဝတ်မှု၊ ပြစ်မှုကျူးလွန်တဲ့ အခါမှာ မျိုးမှာလည်း ဒါကို တရားဥပဒေကြောင်းအရ အရေးယူဖို့ ဖြေရှင်းဖို့ ကျွန်တော်တို့ ကြိုးစား ကြတာက တစ်ပိုင်းပေါ့လေ၊ အဲဒီလိုပုံစံမျိုးနဲ့ ပြသနာတွေကို လူမျိုးရေး အဓိကရုဏ်းပုံစံ၊ နိုင်ငံရေး အဓိကရုဏ်း ပုံစံမျိုးတွေ မဖြစ်အောင် ကျွန်တော်တို့ သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်တွေ၊ ရဟန်း သံဃာတော်တွေ၊ ဆရာတော် သမတော်ကြီး တွေအပါအဝင် ကျွန်တော်တို့ နိုင်ငံရေး အဖွဲ့အစည်း၊ ပါတီအဖွဲ့ အစည်းက ပုဂိုလ်တွေ၊ နောက်တစ်ခါ အစိုးရ ဌာနဆိုင်ရာ တာဝန်ရှိတဲ့သူတွေအားလုံးပေါ့လေ ၊ ဒီနေရာမှာ သတင်းမီဒီယာတွေ အားလုံးကလည်း ဒီလိုကိစ္စမျိုးကို ဖော်ပြတဲ့နေရာမှာ အင်မတန် သတိကြီးစွာ ထားပြီး ဖော်ပြသင့်တယ်။ ပြီးတော့ ပြသနာကို ကြီးတာ ကို သေးအောင်၊ သေးတာကို ပပျောက် အောင်ဆိုတဲ့ နာယကဂုဏ်နဲ့ နိုင်ငံကြီးသားပီပီ အားလုံး ဝိုင်းပြီးတော့ ဖြေရှင်းကြမှပဲ မလိုလား အပ်တဲ့ အကျိုးဆက်တွေကို တားဆီးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မြင်ပါ တယ်'' ဟု ပြောကြား ခဲ့သည်။

သတင်း.....  Yangon Media Group