08 June 2012

ဥပဒေအမှတ် ၆/၈၈နှင့် ပတ်သက်၍ ဗကသအဖွဲ့အား ရန်ကုန်တိုင်း ထွေ/အုပ်ရုံးမှ ခေါ်ယူသတိပေး

ဇွန်လ ၆ရက်နေ့ နေ့လည်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ ဗဟိုစည်းရုံးရေး ကော်မတီအဖွဲ့ဝင် ၉ဦးအား ရန်ကုန်တိုင်း အထွေ ထွေအုပ်ချုပ်ရေးမှူးမှ ခေါ်ယူတွေ့ဆုံ၍ ၁၉၈၈ခုနှစ် စက်တင်ဘာလ၌ ထုတ်ပြန်ခဲ့သည့် အသင်းအပင်းဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအမှတ် ၆/၈၈ နှင့် ပတ်သက်၍ သတိပေးရှင်းလင်းပြောကြားခဲ့ကြောင်း ဗကသအဖွဲ့ချုပ်မှ ဗဟိုစည်းရုံးရေး ကော်မတီဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 "ဒီလိုမျိုး ခေါ်တွေ့တာက သတိပေးတဲ့သဘောပါ။ အဲဒီဥပဒေက တရားဝင်ဖျက်သိမ်းခြင်း မပြုရသေးတဲ့အတွက် လက်ရှိမှာ အဲဒီဥပဒေဟာ တည်ရှိနေတယ်ဆိုတာရယ်၊ ပြီးတော့ ဒီဗကသအဖွဲ့ကလည်း တရားဝင်မဟုတ်တဲ့အတွက် ခေါ်ပြီး သတိပေးတာပါ။ တရားဝင်အဖွဲ့အစည်းဖြစ်ဖို့အတွက် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြပြီးတော့မှ တရားဝင်ခွင့်ပြုချက်ယူရမယ်ဆိုတာကို ပြော တာပါ။ နောက်ပြီး ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှူး ဦးသန်းအောင်နဲ့ ဒု-ညွှန်မှူး ဦးမျိုးအောင်သိန်းတို့နဲ့ တွေ့ဆုံခဲ့ပြီး ကျောင်းသားသမဂ္ဂဆိုတာက လွတ်လပ် မှုရှိသလို မှတ်ပုံတင်ခြင်းဆိုတဲ့ အစဉ်အလာမရှိပဲ ကျောင်းတွင်းအဖွဲ့အစည်းအဖြစ် တရားဝင်မှုရှိတယ်ဆိုတာကို ဗကသအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြန်ဆွေးနွေးခဲ့ပါတယ်"ဟု ၎င်းက ဆိုသည်။ 

 ယင်းသို့ ခေါ်ယူတွေ့ဆုံမှုအား ၄၅မိနစ်ကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေးမှူးမှ ယခုအချိန်၌ တက္ကသိုလ် ကောင်စီ ဥပဒေတရပ်အား ရေးဆွဲလျက်ရှိကြောင်းနှင့် အဆိုပါဥပဒေ မထွက်မီတွင် အသင်းဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ် ရေးမှူးထံ အကြောင်းကြား၍ ခွင့်ပြုချက်ယူရမည်ဖြစ်ကြောင်း ပြောကြားသွားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

သတင်း....  yangonchronicle

 ထို့နောက် သမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခြင်းနှင့် ပတ်သက်သည့် ဥပဒေအား ပြဋ္ဌာန်းပေးရန် လွှတ်တော်အမတ်များအား တိုက်တွန်းသွားရန် ရှိပြီး ယခင် ၁၉၃၆ ခုနှစ် မေလ ၈ရက်နေ့မှ စတင်၍ ယင်းဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်အား ဖွဲ့စည်းခဲ့ပြီး ယခု ၂၀၁၂ခုနှစ် ဇန်နဝါရီ လ ၁၈ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သတင်းများအရ သိရသည်။