08 March 2012

မြန်မာ နိုင်ငံစာပေနဲ့စာနယ်ဇင်းအဖွဲ့ ဖျက်သိမ်းတော့မည်



မြန်မာနိုင်ငံ စာပေ၊ စာနယ်ဇင်း နယ်ပယ်နှင့် သက်ဆိုင်သည့် အသင်းအဖွဲ့သုံးဖွဲ့ ဖွဲ့စည်း ပြီးပါက မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ကိုဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့ အတွင်းရေးမှူး ဦးကိုကို က YPI သို့ပြောသည်။

လာမည့် မတ်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့မှ အရေးပေါ်ညီလာခံ တခုကျင်းပမည်ဖြစ်ပြီး ယင်းညီလာခံတွင် စာပေ၊ စာနယ်ဇင်းနှင့် ပတ်သက်သည့် အသင်းအဖွဲ့သုံဖွဲ့ ဖွဲ့စည်း သွားမည်ဖြစ်သည်။

"ခေတ်တွေကလည်းပြောင်းသွားပြီးလေ စတုတ္ထမဏ္ဍိုင် ပီပီပြင်ပြင်ပေါ်လာဖို့အတွက် လွတ်လပ်တဲ့ အသင်းတွေ ပေါ်လာဖို့လိုတယ် ၊လွတ်လပ်တဲ့အသင်းတွေ ပေါ်လာရင်စာပေနဲ့ စာနယ်ဇင်း အကျိုးအတွက်ပိုပြီး လုပ်ပေးနိုင်တာပေါ့"ဟု ဦးကိုကိုက YPI သို့ပြောသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ နှောင်းပိုင်းက ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ ကျင်းပသည့် မီဒီယာ ဖွံ့ဖြိုးမှု အလုပ်ရုံဆွေးနွေးပွဲ၊ ယင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့က ကြီးမှူး စီစဉ်ကာ ပြည်ပ မြန်မာမီဒီယာအချို့ကိုပါ ဖိတ်ကြားခဲ့သည်။ ( Photo: YPI)

ဖွဲ့စည်းမည့်အသင်းသုံးသင်းမှာ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း၊ မြန်မာနိုင်ငံစာရေးဆရာများအသင်းနှင့်
မြန်မာနိုင်ငံပုံနှိပ်ထုတ်ဝေ ဖြန့်ချိသူများ အသင်းတို့ဖြစ်ပြီး ယင်းအသင်းများကို ဖွဲ့စည်းပြီးသည်နှင့်လက်ရှိ စာပေနှင့်စာနယ်ဇင်းအသင်းကိုဖျက်သိမ်း သွားမည်ဟုဆိုသည်။

စာပေနှင့်စာနယ်ဇင်းအဖွဲ့ထဲမှ သတင်းစာဆရာများကို သတင်းစာဆရာများအသင်းထဲသို့လည်းကောင်း စာရေးဆရာများကို စာရေးဆရာ အသင်းထဲသို့လည်းကောင်း စသည်ဖြင့် ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ပြီး သက်ဆိုင်ရာအသင်းအလိုက် အသင်းသားအသစ်များကိုလည်းခေါ်ယူပြီး ၎င်းတို့အထဲမှဗဟိုအလုပ်အမှုဆောင်များ၊ ဥက္ကဋ္ဌ အတွင်းရေးမှူးများ ထပ်မံရွေးချယ်မည်ဖြစ်သည်။

"အခုလက်ရှိအသင်းမှာ တာဝန်ယူထားတဲ့သူတွေက အသစ်ထပ်ဖွဲ့တဲ့အသင်းထဲမှာတာဝန်ယူထားတဲ့ သူတွေအနေနဲ့ ပါချင်မှလည်းပါမယ် ၊မပါချင်လည်းမပါဘူးပေါ့ အသစ်ပါလာမဲ့အသင်းသားအားလုံးထဲက ပြန်ရွေးမှာပါ" ဟုမြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့မှ တွဲဖက် ဘဏ္ဍာရေးမှူး မောင်မျိုး (ကြောင်နှစ်ကောင်) မှ ပြောသည်။

ရွေးချယ်သည့်အခါမှာလည်း မဲဖြင့်ရွေးချယ်တင်မြောက်သည့်စနစ်ဖြင့်သာ ရွေးချယ်သွားမည်ဖြစ်ကြောင်း ဦးကိုကိုကဆိုသည်။

အဆိုပါအဖွဲ့ အသစ်များ ထပ်မံဖွဲ့စည်းလာခြင်းနှင့်ပတ်သတ်၍ မြန်မာ့ဓနမဂ္ဂဇင်း ၏ အယ်ဒီတာချုပ် ဦးသီဟစောက "စာရေးဆရာတွေ ၊သတင်းစာဆရာ အသင်းတွေဆိုတာ အစိုးရနဲ့သီးခြားဖြစ်ပြီးလွတ်လပ်တဲ့ အသင်းအဖွဲ့ဖြစ်ရမယ် ၊အကယ်လို့လွတ်လပ်တဲ့ အဖွဲ့အစည်း အမှန်တကယ်ဖြစ်လာရင် အရင်ထက်စာရင် စာပေအကျိုးအတွက်ပိုပြီး လွတ်လွတ်လပ်လပ်လုပ်လို့ရတာပေါ့" ဟုပြောသည်။

အသစ်ဖွဲ့မည့် အဖွဲ့များ အနေအထားနှင့် ပတ်သက်ပြီး ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ် ဆရာဖေမြင့် ကမူ "ဘယ်လိုဖွဲ့မယ်ဆိုတာမသိသေးတော့ ပြောရခက်တယ် ၊အခုစာပေနဲ့စာနယ်ဇင်းအဖွဲ့ဆို ပြန်ကြားရေးကဦးဆောင်ပြီး ပါနေတာရှိတယ်၊ အဖွဲ့ဝင်တွေထဲမှာအစိုးရက တိုက်ရိုက်ခန့်တာတွေရှိတယ်လေ ဘယ်သူတွေ ပြန်ပါလာမလဲဆိုတောမသိဘူး၊ ပုံမှန်အားဖြင့် စာရေးဆရာအဖွဲ့ဆိုတာ ဦးဆောင်ဖွဲ့စည်းတဲ့သူ ကိုယ်တိုင်က စာရေးဆရာဖြစ်သင့်တယ်"ဟု သူ့အမြင်ကို ပြောသည်။

လက်ရှိမြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ဖွဲ့စည်းခဲ့သည်မှာ ဆယ်နှစ်ဝန်းကျင်ရှိပြီဖြစ်ကာ ဥက္ကဌဦးတင်လှိုင် (လယ်တွင်းသားစောချစ်) ဖြစ်ပြီး အတွင်းရေးမှူးမှာ ဦးကိုကို(ကိုကိုစက်မှုတက္ကသိုလ်) တို့ဖြစ်ကြသည်။

အရပ်သား အစိုးရတက်လာပြီးနောက် တစ်နှစ်နီးပါး ကြာမြင့်လာသည့်နောက် အလုပ်သမား သမဂ္ဂများ၊ လယ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းရန် ပြင်ဆင်လျှက်ရှိသကဲ့သို့ နကိုက အစိုးရ အာဏာပိုင်များက ထိန်းချုပ်ထားသည့် ရုပ်ရှင်အစည်းအရုံး၊ စာပေနှင့် စာနယ်ဇင်းအဖွဲ့တို့ကိုလည်း လွတ်လပ်သည့် အသင်းအဖွဲ့များ ဖြစ်စေရန် ပြန်လည်ဖွဲ့စည်းဖို့ကြိုးပမ်းမှုများ ရှိနေသည်ကို တွေ့ရသည်။

သတင်း....Yangon Press International