10 March 2012

မန္တလေး ကျုံးရေ မြေသားများပေါ် သည်အထိ ရေနည်းလာ


မန္တလေးသင်္ကြန်ပွဲတော် နီးကပ်လာသော်လည်း မတ်လဆန်းအထိ ကျုံး အတွင်း ရေနည်းနေသဖြင့် မန္တလေး သင်္ကြန်ပွဲတော် အတွက် ရေ အခက် အခဲ ဖြစ်မည်ကို မြို့လူထုစိုးရိမ်လျက် ရှိသည်။

မန္တလေးမြို့တွင် နွေဦးရောက်လာ၍ ရေသုံးစွဲမှုများပြားပြီး ကျုံးရေနည်းလာသဖြင့် ကျုံးရေကိုသာ အဓိကထား အသုံးပြုသော ရပ်ကွက်များ ၌ ရေအခက်အခဲ တွေ့နေရကြောင်း နန်းရှေ့ဒေါနဘွားရပ်ကွက်မှ အိမ်ရှင်မ တစ်ဦးက ပြောသည်။ မန္တလေးမြို့တွင် ကျုံးရေနည်း လာပြီး ရေများ ဖြန့် ဝေပေးနိုင်ခြင်း မရှိသောကြောင့် နန်းရှေ့ ဒေါနဘွားရပ်ကွက်၊ အောင်တော်မူရပ်ကွက်၊ မြောက်ပြင် ဥပုသ်တောင်ရပ်ကွက်၊ အနောက်ပြင် ပြည်လုံး ချမ်းသာရပ် ကွက်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ပြည်ကြီးကျက်သရေ အရှေ့ရပ်ကွက်တို့တွင် ရေဝယ် သုံးနေကြရသည်။ တစ်နေ့လျှင် မြို့လူထုသို့ ကျုံးရေဂါလန် နှစ်သန်း ဖြန့်နေသော်လည်း ယခုအခါ ကျုံးရေနည်းပါးမှုကြောင့် တစ်နေ့လျှင် ရေဂါလန် ငါးသောင်းသာ ဖြန့်ဝေပေးနိုင်ကြောင်း သိရသည်။ မတ်လ ၂၀ ရက်အထိ ကျုံးရေ မဖြည့်နိုင်ပါက မဟာသင်္ကြန်ပွဲ တော်ရက်များအတွင်း ရေကစားရန် အခက်အခဲဖြစ်မည်ကို မြို့လူထုက စိုးရိမ်မကင်း ဖြစ်နေခြင်း ဖြစ်သည်။

သတင်း..... 7Day News