06 March 2012

ပွင့်လင်းရိုးသားမှုအား အခြေခံ၍ လုပ်ဆောင်မှသာ ဒီမိုကရစီသို့ ရောက်ရှိနိုင်ဟု ၈၈မျိုးဆက်များမှ ပြောကြား

မတ်လ ၄ရက်နေ့ တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းပေါ်ရှိ သီရိဂုဏ်အိမ်ရာတွင် ပြုလုပ်ကျင်းပခဲ့သည့် ၈၈မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲ၌ ၎င်းတို့၏ ခရီးစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းနှင့် ပတ်သက်၍ လည်း ပြောကြားသွားခဲ့သည်ဟု သတင်းရရှိသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သွားတဲ့ မြစ်ကြီးနားခရီးစဉ်၊ မန္တလေးခရီးစဉ်တွေရဲ့ အတွေ့အကြုံတွေပေါ့။ အဲဒီအတွေ့အကြုံတွေကို မူတည်ပြီးတော့မှ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်လာဖို့ ဆောင်ရွက်မယ့်ကိစ္စရပ်တွေကို ရှင်းလင်းသွားမှာပါ။ ပြီးတော့ သမ္မတကြီးရဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီးလည်း ပြောကြပါတယ်။ နောက်ပြီး ပြည်သူတွေအနေနဲ့ လူ့အဖွဲ့အစည်းအတွင်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာကို တင်ပြဖို့လိုတယ်လို့လည်း ပြောသွားပါတယ်” ယင်းသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သည့် သတင်းသမားတစ်ဦးမှ ပြောပြချက်အရ သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတမိန့်ခွန်းနှင့် ပတ်သက်၍ ပျော့ပြောင်းသည့် သဘောဆောင်သောကြောင့် ၎င်းတို့အနေဖြင့် ကြိုဆိုကြကြောင်းနှင့် အာဏာပိုင်များ အတိုက်အခံများအကြား ပွင့်လင်းမှုအား အခြေခံလုပ်ဆောင်မှသာ ဒီမိုကရေစီနိုင်ငံသို့ ရောက်ရှိနိုင်မည်ဟုလည်း ပြောသွားကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။

ယင်းသတင်းစာရှင်းလင်းပွဲသို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သည့် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမြအေးတို့မှ ဦးဆောင်ပြု လုပ်ခဲ့ပြီး သတင်းဌာနအသီးသီမှ စာနယ်ဇင်းသမားများလည်း တက်ရောက်၍ သိလိုသည်များ ကို မေးမြန်းခဲ့ကြသည်ဟုလည်း သတင်းရရှိသည်။

ထို့ပြင် ယင်းနေ့ ညနေတွင် ၎င်းတို့သည် မကွေးတိုင်းနှင့် ချောက်မြို့များသို့ ဆက်လက်ခရီးထွက်၍ အရပ်ဘက် လူ့အဖွဲ့အစည်းများ ဖြစ်ပေါ် လာရေးအတွက် ဆောင်ရွက်သွားမည်ဟုလည်း သတင်းဖော်ပြချက်များအရ သိရသည်။

သတင်း... yangonchronicle