07 March 2012

နေပြည်တော်ရှိ တပ်မတော်သားများအား ပြည်သူများ၏ ချစ်ခင်မှုရရှိစေရန် NLDသို့ မဲပေးကြပါဟု ဒေါ်စုပြောကြား

မတ်လ ၆ရက်နေ့ မနက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ နေပြည်တော်ရှိ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိ မြို့နယ်တို့၌ ပါတီစည်းရုံးရေးအတွက် ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

ထိုဟောပြောမှုတွင် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်များအား ပြည်သူများ၏ ယုံကြည်မှုနှင့် ချစ်ခင်မှုအား ပြန်လည်ရယူရန်အတွက် NLDပါတီသို့ မဲထည့်ပေးကြရန် ပြောဆိုသွားကြောင်း သတင်းထောက်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ဒေါ်စုက သူ့ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းတုန်းက ခေတ်မှာဆိုရင်ပေါ့ တပ်မတော်သားတွေကလည်း ပြည်သူလူထုက သိပ်ချစ်ကြကြောင်းနဲ့ ပြည်သူတွေကလည်း တပ်မတော်သားတွေကို ယုံကြည်ကြတယ်ပေါ့။ အဲဒါကြောင့် အခု တပ်မတော်သားတွေကလည်း ပြည်သူတွေ အားကိုးပြီး ပြည်သူတွေ အပေါ် စိုးမိုးချင်တဲ့ စိတ်မရှိစေဖို့ NLDပါတီကို မဲထည့်ဖို့ ပြောသွားပါတယ်”ဟု နေပြည်တော်မှ ဒေသခံတစ်ဦးက ပြောကြားသည်။

ယင်းပုဗ္ဗသီရိမြို့နယ်တွင် အဆိုတော် ဇေယျာသော်မှ ဝင်ရောက်ယှဉ်ပြိုင်ရန်ကြေငြာပြီး မကြာသေးခင်အချိန်တွင် NLDဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရ ခြင်းနှင့်လည်း ပတ်သက်၍ ဒီချုပ်ဥက္ကဋ္ဌမှ ထိုလုပ်ရပ်မှာ အောက်တန်းကျသည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဝေဖန်ပြောဆိုသွားခဲ့ပြီး ဇဗ္ဗူသီရိမြို့နယ်တွင် လျှပ်စစ်မီးနှင့် ဒီမိုကရေစီ၊ စာသင်ကျောင်း အဆောက်အဦးနှင့် ဒီမိုကရေစီအား လဲလှယ်ခြင်း မပြုလုပ်ကြရန် ပြောကြားသွားခဲ့သည်ဟု သတင်းများအရ သိရသည်။

“ပုဗ္ဗသီရိမြို့နယ်မှာ ဟောပြောပွဲလုပ်တော့ ဇေယျာသော်ကို သီချင်းတစ်ပုဒ်လောက် ဆိုပြဖို့ အောက်က လူထုက တောင်းဆိုကြတယ်ဗျ။ အဲဒါနဲ့ ဇေယျာသော်က ဗမာ့သူရဲကောင်းသီချင်းကို စပြီးဆိုပြတော့ လူထုက အောက်ကနေအားပေးကြတယ်။ လိုက်ဆိုကြတယ်။ ပြီးတော့ သူက လူထုကို ခင်ဗျားတို့ ဘာလိုချင်တာလဲလို့ မေးလိုက်တော့ ဒီမိုကရေစီစနစ် ဆိုပြီး အတိုင်အဖောက်တွေညီနေကြတယ်”ဟု NLDအဖွဲ့ဝင်တစ်ဦးမှ ပြောကြားသည်။

ထို့ပြင် ယင်းနေ့ မနက်စောပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့မှ တိုင်းရင်းသား ကိုယ်စားလှယ် အချို့နှင့်လည်း ၎င်းတည်းခိုသည့် Royal Kumudra Hotel တွင် တွေ့ဆုံခဲ့သေးသည်ဟု သတင်းရရှိသည်။

ထို့နောက် ၎င်းတို့အဖွဲ့သည် နေ့လည်တွင် တောင်ငူမြို့နယ်နှင့် ထန်းထပင်မြို့နယ်များသို့ ဆက်လက်သွား ရောက်ခဲ့ပြီး ပါတီစည်းရုံးရေးအတွက် ဟောပြောပွဲများ ပြုလုပ်သွားမည်ဟုလည်း သတင်းရရှိသည်။

သတင်း.... yangonchronicle