10 March 2012

ဒီချုပ်ဥက္ကဋ္ဌ မဲဆွယ်စည်းရုံးရန် မော်လမြိုင်မြို့နယ်တွင် နေရာအခက်အခဲဖြစ်

မတ်လ ၁၁ရက်နေ့တွင် ပါတီစည်းရုံးရေးအတွက် NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် ခရီးစဉ်တွင် ဟောပြောရန်အတွက် နေရာ အဆင်မပြေဖြစ်ခြင်းကြောင့် သက်ဆိုင်ရာကော်မတီမှ ခွင့်ပြုလိုက်သည့် ယင်းမြို့နယ်ရှိ လူဦးရေ တစ်သိန်းခန့် ဆန့်သည့် ဘောလုံးကွင်း တစ်ကွင်းသို့ သွားရောက် ဟောပြောရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ပထမဟောပြောမယ့်နေရာက မော်လမြိုင်မြို့မှာရှိတဲ့ သံလွင်ဥယျဉ်မှာ ဟောပြောမယ်ဆိုပြီး သက်ဆိုင်ရာကို တင်ပြထားတယ်။ ဒါပေမယ့် စည်ပင်က ဥယျာဉ်မှာရှိတဲ့ ပန်းပင်တွေပျက်စီးမှာစိုးလို့ဆိုပြီး မြို့နဲ့ ၆မိုင်ကျော်လောက်ဝေးတဲ့ ကျွဲခြံကုန်းကျေးရွာက ဘောလုံးကွင်းကို ပေးခဲ့ပါတယ်။ အဲဒီကွင်းကို သွားရ တာလဲ ခက်ခဲသလို တော်တော်လေးလဲ ဝေးတဲ့နေရာတစ်ခု ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များတွင် လိုက်လံကူညီသည့် NLD အဖွဲ့ဝင် တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ပါတီစည်းရုံးရေးအတွက် မော်လမြိုင်မြို့နယ်ရှိ ဘိုကုန်းရပ်ကွက်မှ သံလွင်ဥယျာဉ်တွင် ဟောပြောရန်အတွက် သက်ဆိုင်ရာ ကော်မတီထံသို့ ခွင့်ပြုချက် တောင်း၍ တင်ပြခဲ့သော်လည်း ယင်းဥယျာဉ်အား ခွင့်မပြုခဲ့ဘဲ နောက်ထပ်တင်ပြခဲ့သည့် မော်လမြိုင်မြို့မှ ၆မိုင်အကွာတွင် တည်ရှိသည့် ကျိုက်မရော မြို့နယ်အနီး ကားလမ်းမဘေးမှ ကျွဲခြံကုန်းကျေးရွာတွင်ရှိသည့် ဘောလုံးကွင်း၌သာ ခွင့်ပြုခဲ့ကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။

ထို့ပြင် NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မော်လမြိုင်မြို့ရှိ Strand Hotelတွင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့နှင့် ညစာစားပွဲ တစ်ခု ပြုလုပ်မည်ဖြစ်ပြီး ယင်းမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ်ဖြစ်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအား NLD ပါတီမှ ဒေါ်ခင်ဌေးကြွယ် အပါအဝင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် တစညပါတီတို့လည်း ဝင်ရောက်ယှဉ်ပြိုင် မည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ညစာစားပွဲ၌တွေ့ဆုံမည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(MNDF)သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပါတီဟောင်းတစ်ခုဖြစ်ကြောင်းလည်း သိရှိရသည်။

သတင်း..... yangonchronicle