10 March 2012

နှစ်နှစ်ဆယ်ကျော်ကြာ တိမ်မြှုပ်နေခဲ့သော မြန်မာ့ရိုးရာ သင်္ကြန်သံချပ်ကားများ

ယခုနှစ်မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်ကို ရန်ကုန်မြို့တွင် ယမန်နှစ်ကထက် စည်းကားသိုက်မြိုက်စွာကျင်းပရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ ညှိနှိုင်းစီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

သင်္ကြန်မဏ္ဍပ်များ နေရာချထားပေးခြင်းကို မတ်လအတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်တွင် အပြုသဘောဆောင်သည့် သံချပ်ထိုးခြင်းများ ခွင့်ပြုသွားမည်ဖြစ်ပြီး ဆုချီးမြှင့်ခြင်းများလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သင်္ကြန်မဏ္ဍပ်များ လျှောက်ထားခြင်းကို မတ်လလယ်ခန့်တွင် စတင်လက်ခံ ဆောင်ရွက်ပေးရန် စီစဉ်နေပြီး မတ်လ မကုန်မီ နေရာချထားပေးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ အင်းလျားလမ်းတွင်မူ ယခင်နှစ်များနည်းတူ မဏ္ဍပ် နေရာခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။ သံချပ်ထိုးခြင်းအတွက် သံချပ်စာသားများကို မတ်လကုန်ခန့်အထိ နောက်ဆုံးထားလက်ခံကာ စိစစ်ရေးအဖွဲ့ဖြင့် စိစစ်ပြီး ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်သင်္ကြန် ယမန်နှစ်ကထက် ပိုမိုစည်ကားစွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံကျော် အနုပညာရှင်များ ရန်ကုန်တွင် ဖျော်ဖြေနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေပြီး ဂီတ၊ သဘင်၊ ရုပ်ရှင် အဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းဆောင်ရွက်နေကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "