09 March 2012

ပဒိုမန်းငြိမ်းမောင်အမှုအား လာမည့်အပတ်တွင် အမိန့်ချမည်

နိုင်ငံတော်ပုန်ကန်မှု၊ မတရားအသင်းပုဒ်မ စသည်တို့ဖြင့် တရားစွဲဆိုခြင်းခံထားရသော ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်၏ အမှုအား လာမည့်အပတ် အင်္ဂါနေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း ၎င်း၏ရှေ့နေဦးကြီးမြင့်ကပြောသည်။

ယနေ့ရုံးချိန်းတွင် တရားခံဘက်မှ ဆင့်ခေါ်ထားသည့် နောက်ဆုံး သက်သေဖြစ်သည့် တောင်ကလေး ဆရာတော်မှာ ကျန်းမာရေးအခြေအနေအရ ကြွရောက်နိုင်ခြင်းမရှိကြောင်း ၎င်းကဆိုသည်။

၎င်းက “ နဂိုကတည်းက တရားစွဲလည်းရ။ မစွဲလည်းရတဲ့အချိန်မှာ အပြစ်ပေးချင်လို့ တရားစွဲခဲ့တဲ့အမှုပဲ။ အနည်းနဲ့အများ အပြစ်ပေးတာတော့ ခံရမယ်ထင်တယ်” ဟု ပြောသည်။

ယခုအချိန်တွင် ပဒိုမန်းငြိမ်းမောင်မှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်လျက်ရှိသော်လည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိနေကြောင်း ဦးကြီးမြင့်ကဆိုသည်။

“ လူကတော့နေကောင်းနေပေမယ့် စိတ်ကတော့ ကျန်းမာပုံမရဘူး။ တစ်စုံတရာ ဖိအားပေးခံနေရတဲ့ပုံပဲ ” ဟု ၎င်းကဆိုသည်။

ယခုအမှုတွင် ပဒိုမန်းငြိမ်းမောင်ဘက်မှ တင်ပြထားသော သက်သေ ၈ ဦးအနက် အင်းစိန်ထောင်မှ ထောင်ပိုင်အရာရှိနှစ်ဦးကိုသာ တရားရုံးမှ ဆင့်ခေါ်ပေးပြီး ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းအပါအ၀င် အခြားသက်သေများကိုမူ ဆင့်ခေါ်ပေးရန် ငြင်းဆိုခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဦးဆောင်ပြုလုပ်နေသည့် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းသည် ပဒိုမန်းငြိမ်းမောင်အား အင်းစိန်ထောင်တွင်းသို့ လာရောက်တွေဆုံကာ ငြိမ်းချမ်းရေးအတွက် အကြံဥာဏ်များလာရောက်တောင်းခံခဲ့ပြီးနောက် အရေးယူခြင်းမခံရစေရန် ၎င်းအနေဖြင့် အမခံချက်ပေးခဲ့ကြောင်း ဦီးကြီးမြင့်ကဆိုသည်။

သို့သော် ယခင်အပတ်က ပြုလုပ်ခဲ့သော ရုံးချိန်းတွင် လာရောက်အစစ်ခံသည့် သက်သေနှစ်ဦးဖြစ်သော အင်းစိန်ထောင်မှ အရာရှိနှစ်ဦးကမူ ယင်းကိစ္စကို ငြင်းဆိုခဲ့သည်။

ပဒိုမန်းငြိမ်းမောင်သည် လက်ရှိတွင်လည်း လူဝင်မှုကြီးကြပ်ရေးဋ္ဌာန တံဆိပ်တုံးအတုပြုလုပ်မှု ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ တရားစွဲခံရကာ ထောင်ဒဏ် ခြောက်လစီ တစ်ပေါင်းတည်း ကျခံလျက်ရှိသည်။

ပဒိုမန်းငြိမ်းမောင်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၁)ဖွဲ့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ကော်မတီဝင် တစ်ဦးဖြစ်သည်။ ။

သတင်း....Yangon Press International