25 September 2011

ဗိုလ်ချုပ်ကြီး၏ နည်းအသွယ်သွယ်

(The Telegraph မှ 23 September 2011 ရက်စွဲပါ "General's ways" ဆောင်းပါးကို Y C မှဘာသာပြန်ဆိုသည်)

ပြုပြင်ပြောင်းလဲမှုကို မလိုလားဆုံး အာဏာရှင် အုပ်ချုပ်သူများပင်လျှင် ပြုပြင်ပြောင်းလဲသူများအဖြစ် ဟန်ဆောင်ပြရန် လိုလားနေကြသည်ဟု ဆိုသော်ငြားလည်း မြန်မာနိုင်ငံမှ အစိုးရသစ်မှာမူ ပြုပြင်ပြောင်းလဲမှု အချို့ကို ယင်းတို့ အမှန်တကယ် ပြုလုပ်လိုခြင်းဖြစ်ကြောင်း ပြည်တွင်း ပြည်ပမှ ဝေဖန်ဆန်းစစ်သူများကို အသိပေးစည်းရုံးရန် စစ်မှန်သော အကြောင်းရင်းများ ရှိနေသည်။

အရပ်သား သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပထမအကြိမ် တွေ့ဆုံမှုသည် အစိုးရက သူကိုယ်တိုင်နှင့် နိုင်ငံကို ဇာတ်ဝင်ခန်း အသစ်အဖြစ် မီးမောင်းထိုးပြသည့် မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၌ တရားဝင် ရပ်တည်လှုပ်ရှားနိုင်သည့် ကဏ္ဍမရှိသလို သူမ၏ပါတီသည် လည်း မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်ရေးခေတ်ကို အဆုံးသတ်ပေးသည်ဟု ဆိုနိုင်သော မနှစ်က မတော်မတရား ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့ပါ။ အမှန်စင်စစ် သူမ၏ NLD ပါတီသည် ယခင် စစ်ဖက်အာဏာရှင်များက ဆန္ဒ ခံယူပွဲအတုဖြင့် ပြည်သူများကို အဓမ္မ ထောက်ခံခိုင်းခဲ့သော အခြေခံဥပဒေကိုပင် အသိအမှတ် မပြုခဲ့ပါ။

ယခုအခါ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား တွေ့ဆုံရုံမျှသာမကပဲ သူမ၏ နိုင်ငံရေးလှုပ်ရှားမှုအပေါ် ကန့်သတ်ထားမှု အတော်များများကိုပင် ဖြေလျှော့ပေးလိုက်လေသည်။

သမ္မတကြီးက ပြည်ပရောက် နိုင်ငံရေး အတိုက်အခံ များ ပြည်တော်ပြန် လာကြရန် မေတ္တာရပ်ခံလိုက်သည့်အပြင် မြန်မာနိုင်ငံသို့ လာရောက် ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံ ဆွေးနွေးလိုကြသော နိုင်ငံခြားအစိုးရများ၊ အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များအပေါ်တွင်လည်း ပိုမိုလိုက်လျော ပွင့်လင်းမှုကို ပြသခဲ့ပြန်သည်။

အနောက် အင်အားကြီးနိုင်ငံများနှင့် လွတ်လပ်သော အကဲခတ် စောင့်ကြည့်သူများ၏ တူတူတန်တန် အဖတ်လုပ်ခြင်းကို မခံသည့် မြန်မာအစိုးရက ယင်းတို့၏ ဒီမိုကရေစီ "ရှိုး" ကို အသိအမှတ် ပြုခံရစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အထက်ပါ အချက်အားလုံးက ညွှန်ပြနေသည်။

နောက်ပိတ်ဆုံးတွင်မူ အုပ်ချုပ်သူ အစိုးရသစ်ဆိုသည်မှာ အရပ်ဝတ် ဆင်မြန်းထားသော စစ်သားဟောင်း များသာ ဖြစ်ကြပေသည်။

ယခုအခါ မြန်မာအစိုးရသစ်အပေါ် အဆိုးမြင်သည့် အယူအဆမှာ ခေတ်မစားတော့ဘဲ နည်းလမ်းသစ်များ ထွက်ပေါ်လာမည့် အလားအလာများ ရှိနေသည်။ ယင်းသို့ ဖြစ်လာနိုင်သည့် အကြောင်းရင်းများကိုကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် အဘယ်ကြောင့် အစိုးရသစ်နှင့် ဒိုင်ယာလော့ ဆွေးနွေးပွဲတံခါးကို သူမကိုယ်တိုင် မပိတ်ချင်ရသလဲဟူသော မေးခွန်းကို အရင်ဆုံးတွေးရမည်။ သူမသည် ၂၀၀၈ ခုနှစ်က ဆန္ဒခံယူပွဲအတုကို ကန့်ကွက်ကာ မနှစ်က ရွေးကောက်ပွဲ များနှင့် ဝေးဝေးနေခဲ့သည့်တိုင်အောင် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်ခြင်းကို လက်လျှော့ခဲ့ခြင်း မရှိပေ။

သမ္မတကြီးနှင့် တွေ့ဆုံရန် သဘောတူခြင်းဖြင့်လည်း သူမသည် ထိပ်တိုက် ရင်ဆိုင်ရခြင်းထက် စေ့စပ်ညှိနှိုင်းခြင်းကို ပိုမို နှစ်သက်ကြောင်း ပြသခဲ့သည်။ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ကြားဝင်စေ့စပ်ပေးရန်ကိုပင် သူမက သဘောတူဖွယ်ရှိသည်။

သို့သော်လည်း သမ္မတ ဦးသိန်းစိန်သည် သူမဖက်က အပြုသဘောဆောင်သော အချက်ပြမှုများကို ပြန်လည်တုံ့ပြန်ရန်နှင့် မြန်မာပြည်သူ များကို စစ်မှန်သော ဒီမိုကရေစီ အရသာပေးရန် လုံလုံလောက်လောက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာလားဟူသော အဓိက မေးခွန်းကြီး ထွက်ပေါ်လာသည်။

လက်ရှိ မြန်မာအစိုးရသည် သူ့ပုံရိပ်သူ ကြော်ငြာထိုးရန် အလွန်တရာပင် စိတ်ဝင်စားနေသည်။ အသိအမှတ်ပြု ခံချင်သည်ဆိုသော်လည်း ပို၍ အရေးကြီးသည့် အနောက်နိုင်ငံ အရေးယူဒဏ်ခတ်မှုများကို ဖယ်ရှားပေးစေလိုခြင်း ဖြစ်သည်။

စစ်သားတစ်ဖြစ်လဲ အရပ်သား သမ္မတကြီးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံမှသာမက ကမ္ဘာကပါ စိတ်ချယုံကြည်မှု ရရှိအောင် များစွာ ကြိုးစား ရပေလိမ့်ဦးမည်။

လက်ရှိအချိန်တွင် သမ္မတကြီး ဦးသိန်းစိန်ကို တကယ့် ပြုပြင်ပြောင်းလဲရေးသမား စစ်စစ်ဖြစ်ကြောင်း အသိအမှတ်ပြု လက်ခံရန် အချိန် စောလွန်း နေသေးသည်။