01 October 2011

ကျောင်းထုတ်ခံရသည့် စတုတ္ထတန်းကျောင်းသူ ငါးရက်အကြာတွင် ကျောင်းပြောင်းတက်ခွင့်ရ

ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းတွင် ၂၀၁၁ - ၁၂ ပညာသင်နှစ် အတွင်း စတုတ္တတန်း တက်ရောက်နေသော ကျောင်းသူ မစိုးမြတ်သူသည် ဩဂုတ်လ ၂၃ ရက် နေ့၌ အဆိုပါကျောင်းမှ ကျောင်းထုတ် ခံခဲ့ရပြီးနောက် ယခုလ ၂၉ ရက်နေ့တွင် မရမ်းကုန်း အမှတ် (၁၀) အခြေခံပညာ မူလတန်းကျောင်း၌ ပြန်တက်ခွင့် ရခဲ့ကြောင်း ကျောင်းပြန်တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးသည့် မရမ်းကုန်း မြို့နယ် အမှတ် (၈) ရပ်ကွက်နေသူများနှင့် လူမှုရေးအဖွဲ့အစည်းဝင် အချို့၏ ပြောကြားချက်အရ သိရသည်။


" ကျောင်းအုပ်က ကလေးကို စာမေးပွဲမှာ သုညရအောင် ဖြေလို့ ထုတ်လိုက်တာ " ဟု အဆိုပါကိစ္စနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသူ အမှတ် (၈) ရပ်ကွက်နေ အသက် ၄၀ ကျော် အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

ကျောင်းသူ မစိုးမြတ်သူ၏မိခင် ဒေါ်ခင်ခင်သိန်းက ပြောကြားရာတွင် ၎င်း၏သမီး ကျောင်းထွက်လက်မှတ် ရရှိသည့်နေ့၌ မြို့နယ်ပညာရေးမှူးထံ သွားရောက် တိုင်တန်းခဲ့ကြောင်း၊ ဒေါသ အလျောက် ကျောင်းထုတ်ခဲ့ခြင်း ဖြစ်သောကြောင့် ပြန်နေပါက လက်ခံရန် ရှိကြောင်း အမှတ် (၁) ကျောင်းအုပ် ဆရာမကြီး၏ ပြောဆိုချက်ကို မြို့နယ်ပညာရေးမှူးက ပြန်လည် ပြောကြားကြောင်း ယခုလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် The Voice Weekly သို့ ပြောကြားသည်။

" ကျွန်မကို ဘယ်သူ့မှ ပြန်မပြောဖို့နဲ့ ကလေး ကျောင်းနေမယ်ဆို ပြန်လက်ခံဖို့ ပြောတယ်။ နောက်ပြီး စာရွက်အလွတ် တစ်ခုမှာ (မြို့နယ်ပညာရေးမှူး) က လက်မှတ်ထိုးခိုင်းတယ် " ဟု အဆိုပါ ကျောင်း၌ လွန်ခဲ့သော ၂ နှစ်ခန့်က ရေခဲထုပ် ရောင်းခဲ့သည့် မိခင် ဒေါ်ခင်ခင်သိန်းက ပြောပြသည်။

အဆိုပါ ကျောင်း၌ ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာ၊ ဆရာမပေါင်း ၃၀ နီးပါးခန့် ရှိကြောင်း၊ ယင်း ကျောင်းအုပ်ဆရာမကြီးသည် အလယ်တန်းကျောင်းအုပ်အဖြစ် သုံးခွမြို့၌ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင်းက လက်ရှိ တာဝန်ထမ်းဆောင်ရာ ကျောင်းသို့ အကြောင်းတစ်ခုဖြင့် ပြောင်းရွှေ့ခဲ့ရသည်ဟု သိရှိရကြောင်း ယင်းကျောင်း၌ ကျောင်းအကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဦးဝင်းနိုင်က ပြောဆိုသည်။

" အရမ်းဆိုးတယ်။ အပြောအဆို ကြမ်းတော့ ကျွန်တော့်တူတွေကို သွားမကြိုတော့ဘူး" ဟု အဆိုပါ ကျောင်း၌ တက်ရောက်နေသော ကျောင်းသား နှစ်ဦး၏ ဦးလေးဖြစ်သူ ဦးမိုးသူက ဆိုသည်။

ယခင်နှစ်က အဋ္ဌမတန်း တက်ရောက်ခဲ့သည့် မိမိ၏ သားဖြစ်သူသည်လည်း စာမေးပွဲကျခြင်းကြောင့် ယခုကဲ့သို့ပင် ကျောင်းထုတ်ခဲ့ရကြောင်း မစိုးမြတ်သူ၏ မိခင်ဒေါ် ခင်ခင်သိန်းက သားသမီးများ၏ အဖြစ်ကို ဝမ်းနည်းစွာ ပြောဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးထံ တရားဝင် တိုင်စာဖြင့် တိုင်းကြားရာ ယခုလ ၂၆ ရက်နေ့က အဆိုပါ ပညာရေးမှူးထံက ပြန်ကြားစာ လက်ခံရရှိခဲ့ကြောင်း၊ ပြန်ကြားစာတွင် အမှတ် (၃) အခြေခံပညာ ဦးစီးဌာနက ယခုလ ၂၆ ရက်နေ့တွင် လာရောက် စစ်ဆေးမည်ဟု အကြောင်းကြားခဲ့ကြောင်း ဒေါ်ခင်ခင်သိန်းက ရှင်းပြသည်။

" အခု ၂၆ နဲ့ ၂၇ ရက်မှာ လာစစ်တယ်။ ကလေးကို အ.မ.က (၁၀) မှာ ပြန်အပ်ပေးတယ် " ဟု ဆိုသည်။

The Voice Weekly အနေဖြင့် မြို့နယ်ပညာရေးမှူးရုံးသို့ ဆက်သွယ်ရန် ကြိုးစားသော်လည်း ယခုလ ၂၉ ရက်နေ့အထိ တာဝန်ရှိသူနှင့် အဆက်အသွယ် မရဘဲ ရှိသည်။

" မေးချင်တာကို စာနဲ့တင်ပြီး မေးပါ" ဟု ရန်ကုန်တိုင်း ဒေသကြီး အမှတ် (၃) အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး အခန်းရှိ ဝန်ထမ်းတစ်ဦးက ယခုလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြောကြားသည်။

" ကျောင်းစည်းကမ်း မလိုက်နာလို့ ကျောင်းထုတ်တာ မဟုတ်ဘူး၊ စာမလိုက်နိုင်လို့ ကျောင်းထုတ်တာ။ ဒါဟာ ဥပဒေမှာ မရှိဘူး" ဟု ၎င်းတို့ မိသားစု၏ အရေးအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည့် အသက် ၅၀ ကျော် အရွယ် ရှေ့နေအမျိုးသားက ဆိုသည်။

မစိုးမြတ်သူသည် ထိုကျောင်း၌ သူငယ်တန်းကို ၂၀၀၇ ခုနှစ်မှ စတင်တက်ရောက် သင်ကြားခဲ့ပြီး ၂၀၁၁ ခုနှစ် တွင် စတုတ္ထတန်း၌ ပညာသင်ကြား လျက်ရှိသည့် ၂၀၁၁ - ၁၂ ပညာသင်နှစ် ဩဂုတ်လတွင် ကျောင်းခေါ်ချိန်၊ ကျောင်းစည်းကမ်း၊ သန့်ရှင်းစွာ နေထိုင်ခြင်း၊ စစ်ဆေးမှု မှန်ကန်ခြင်း၊ အားကစားနှင့် ကာယလှုပ်ရှားမှု စသော အကဲဖြတ်မှတ်တမ်းများ၌ 'A' အဆင့် ရရှိသော် လည်း ကျောင်းမှ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းသို့ ကျောင်းထုတ်ပယ်ခြင်း ဆောင်ရွက်ခဲ့သူ ကျောင်းအုပ်ဆရာမကြီးက " ကျွန်မ ပညာရေးဌာနနဲ့ ရှင်းပြီးသွားပြီရှင့် " ဟု အဆိုပါကိစ္စနှင့် ပတ်သက်၍ ယခုလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်ခန့်က တံခါးပိတ်ထားသော ကျောင်းတံခါး၏ အတွင်းဘက်၊ ကျောင်းဝင်း၏ ဘယ်ဘက်နှစ်ထပ် စာသင်ဆောင်၏ အောက်ထပ်စင်္ကြံ လမ်းတစ်ဝက်မှ The Voice Weekly သို့ အော်၍ ဖြေရှင်းသည်။

" သမီးက အဲဒီကျောင်းမှာ သူငယ်ချင်း မရှိဘူး။ သူငယ်ချင်းတွေ ဟိုမှာ ကျန်ခဲ့တယ် " ဟု ကျောင်းထုတ်ခံရကာ ချက်ချင်း ကျောင်းပြောင်းခဲ့ရသည့် မစိုးမြတ်သူက ငေးငိုင်သော အမူအရာဖြင့် ပြောဆိုသည်။

ရန်ကုန် တက္ကသိုလ်မှ လက်ထောက် ကထိကဖြစ်သူ အသက် ၄၀ အရွယ်ရှိ ဆရာမတစ်ဦးကို ယင်းကိစ္စနှင့် ပတ်သက်၍ ပြောကြားရာတွင် ကျောင်းထုတ်ခဲ့သော ကျောင်းမှ ကျောင်းအုပ်ဆရာမကို ထောင်တန်းကျသည်
အထိ မလုပ်စေချင်ကြောင်း၊ ၎င်း၏အဖြစ်ကို ကိုယ်တိုင်သိပြီး ယခုကဲ့သို့ မလုပ်ပါဟူသော ဝန်ခံကတိရပြီး မိဘများကို ပြန်တောင်းပန်သည့် အခြေအနေမျိုး ဖြစ်စေချင်ကြောင်း၊ ၎င်းဆရာမကြီး အနေဖြင့် ပင်စင်ယူတော့မည့်သူ တစ်ဦး ဖြစ်သည့်အပြင် ၎င်း၌ ယခုကဲ့သို့ ဒေါသဖြစ်လောက်စရာ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများ၊ အခြား စိတ်ခံစားမှုများလည်း ရှိနေနိုင်သောကြောင့် ၎င်းအပေါ် ယင်းကိစ္စများကိုလည်း ထည့်သွင်း စဉ်းစားသင့်ကြောင်း The Voice Weekly သို့ ယခုလ ၂၈ ရက်နေ့ ည ၈ နာရီခန့်က သုံးသပ် ပြောကြားသည်။

အမှတ် (၁) အလယ်တန်းကျောင်းမှ ထွက်ခဲ့ရသော မစိုးမြတ်သူသည် ကျောင်းထုတ်ခံရသည့် ၂၃ - ၈ - ၂၀၁၁ ရက်နေ့အထိ ကျောင်းခေါ်ချိန်ပေါင်း ၁၁၆ ချိန်အနက် ၁၁၀ ရရှိပြီး ထွက်ကြောင်းနှင့် ကောင်းသောအကျင့် စာရိတ္တနှင့်ထွက်ကြောင်း ယင်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းမြင့်၏ လက်မှတ်ပါ ဩဂုတ်လ ၂၃ ရက်နေ့စွဲတပ် ကျောင်းထွက်လက်မှတ်အရ သိရသည်။

ပညာရေး ဝန်ကြီးဌာန၏ အဓိကကျသော ပညာရေး ရည်မှန်းချက်ဖြစ်သည့် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားရေးနှင့် မူလတန်း ပညာကို မသင်မနေရ အခမဲ့ ပညာသင်ကြားရေး စနစ်ကို နိုင်ငံတစ်ဝန်း အကောင်အထည် ဖော်နေသော အခါသမယဖြစ်ရာ ယင်းကိစ္စသည် ထိုဝန်ကြီးဌာန၏ ပညာရေး မျှော်မှန်းချက်များကို ဆန့်ကျင် စိန်ခေါ်နေသည့် လုပ်ရပ်တစ်ခု ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း အလုပ်အမှုဆောင် အမျိုးသားတစ်ဦးက သုံးသပ် ပြောကြားသည်။

ယင်း ကျောင်းအုပ်ဆရာမကြီးသည် ကျေင်းသားများအား ဖိနပ်ဖြင့် ရိုက်ခြင်း၊ မိမိအင်္ဂါကို ပုတ်ပြခြင်း၊ ကျောင်းသားငယ်များကို နေပူလှန်းခြင်း၊ ကျောင်းဆင်းချိန်၌ ပြန်မလွှတ်ခြင်းများ ပြုလုပ်သည့်အပြင် နိုင်ငံတော်အစိုးရက အခမဲ့ ကျောင်းအပ်နိုင်ရေး စီမံဆောင်ရွက် ခဲ့သော်လည်း ၎င်းအနေဖြင့် စာအုပ်ဖိုး ကောက်ယူခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်း ကျောင်းသားမိဘများ၏ ပြောကြားချက်နှင့် ယင်းကိစ္စအား လိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေနှင့် နီးစပ်သော အသိုင်းအဝိုင်းထံမှ စုံစမ်း မေးမြန်းထားချက်အရ သိရသည်။

သတင်း... TheVoicemyanmar