30 September 2011

တိုင်းပြည်အကျိုးဆောင်ရွက်ရာ၌ နစ်နာသည်ဟု စိတ်ထဲတွင် မထားစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အဖွဲ့ဝင်များသည် ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုး၊ ယုံကြည်ချက်အတွက် လုပ်ဆောင်ရာတွင် အနစ်နာခံရသည် ဟူသော အတွေးကိုစိတ်ထဲတွင် မထားစေချင်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

“ဘာဖြစ်လို့လဲဆိုတော့ လက်စားချေခြင်တဲ့စိတ်တွေ မကျေနပ်တဲ့စိတ်တွေတစ်ခါတည်းပေါ်လာမှာ မို့လို့ပါ။” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

စက်တင်ဘာ ၂၇ရက်နေ့တွင် ရွေဂုံတိုင်ရှိ NLD ရုံးချုပ်တွင်ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၃နှစ် ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။

၎င်းအပြင် ၂၃နှစ်တာကာလအတွင်း အဖွဲ့ချုပ်သည် အာဏာပိုင်များ၏ နည်းမျိုးစုံ ဒုက္ခပေးမှုကို ကောင်းကောင်း ခံခဲ့ကြရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

“ကျွန်မတို့ဟာ တလျှောက်လုံးသတ္တိကို လိုအပ်ခဲ့သူတွေပါ အင်မတန်မှခံခဲ့ရတဲ့ အဖွဲ့ချုပ်ပါ အမျိုးမျိုးဒုက္ခတွေကို ခံခဲ့ရပါတယ် ဒါပေမဲ့ဒီလိုခံခဲ့ရပေမဲ့ ကျွန်မကတော့ အကြံတစ်ခုပေးချင်တယ် ကျွန်မကိုယ်တိုင်ကလည်း ဒီလိုခံခဲ့တာကို အနစ်နာခံတယ်လို့ မခံယူပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

NLD သည်စတင်တည်ထောင်စဉ်ကတည်းက ညီညွတ်ရေး၊ စည်းကမ်းရှိရေးနှင့် သတ္တိရှိရေးတို့ကို ရှေးရှုကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ညီညွှတ်မှုကို စည်းကမ်းနဲ့ ထိန်းကြရမည်၊ စည်းကမ်းဘောင်အတွင်း၌ လုပ်ဆောင်နိုင် သူများသာ ညီညွတ်နိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မိမိရွေးချယ်ခဲ့သော လမ်းကြောင်းကိုကြေနပ်ကြောင်း၊ ခံခဲ့ရသည်များသည် မိမိရွေးချယ်မှုကြောင့် ခံခဲ့ရသည်ဖြစ်သည့် အတွက် နစ်နာခံရသည်ဟု မခံယူခဲ့ကြောင်းပြောကြားသွားခဲ့သည်။

သတင်း... Peace Press