29 September 2011

အာဆီယံစီးပွားရေး အသိုက်အဝန်းသို့ဝင်ရောက်ရန် မြန်မာ အဆင်သင့် မဖြစ်သေး

မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေးအသိုက်အဝန်း AEC သို့ ဝင်ရောက်ရန် လတ်တလော လေ့လာဆန်းစစ် မှုများအရ အဆင်သင့်ဖြစ်မှု အနေအထားမှာ နည်းပါးနေသေးသည်ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုပညာဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာ ဒေါ်စန္ဒာဦးက ဝန်ကြီးဌာနများနှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ တွေ့ဆုံပွဲ၌ ထုတ်ဖော်ပြော ဆိုလိုက်သည်။

“ စီမံ/ စီးပွားက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ဒီဆန်းစစ်ချက်ကို လုပ်ဆောင်နေတာပါ။ အဲဒီမှာတွေ့ရတာက အဆင်သင့်ဖြစ်မှု ရှိမနေတာပဲ။ ဒါကြောင့် ပညာရှင်ပိုင်းက ပြောရလျှင် ပိုမိုပူးပေါင်းဖို့ လိုနေပါပြီ ” ဟု ဒေါက်တာ ဒေါ်စန္ဒာ ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံ ဖြစ်သည့်အလျောက် ၂၀၁၅ ခုနှစ်တွင် အဆီယံစီးပွားရေး အသိုက် အဝန်းအတွက် မဖြစ်မနေ လက်ခံကျင့်သုံးရတော့မည်ဖြစ်ရာ လွတ်လပ်စွာဖြင့် နိုင်ငံအချင်းချင်း ကုန်စည်များစီးဝင်လာပါက ပြည်တွင်းတွင်ရှိသည့် အသေးစား၊ အလတ်စား လုပ်ငန်းများ ရပ်တည်နိုင်မှုအခြေအနေမှာ စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရှိရသည်။

ကုန်သွယ်မှုနှင့်တစ်ဆက်တည်း ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည်ဖြစ်သည့်အတွက် ပြည်တွင်းလုပ် ငန်းရှင်များ တောင့်မခံနိုင်ပါက နေ့ချင်း၊ ညချင်း အလုပ်ရှင်ဘဝမှ အလုပ်သမားဘဝသို့ ရောက်ရှိသွားနိုင်ကြောင်းကို စီးပွားရေး လုပ်ငန်းရှင်အချို့မှ သုံးသပ်ပြောဆိုနေကြသည်ကို သိရသည်။

အထူးသဖြင့် ၂၀၁၅ခုနှစ်တွင် အကောက်ခွန် သုညဖြစ်သွားပါက နိုင်ငံတကာမှ ဈေးပေါပေါဖြင့် ဝင်ရောက်လာ မည့် ပစ္စည်းများကြောင့် ပြည်တွင်းရှိ လုပ်ငန်းအချို့ ရပ်တည်ရန်ခက်ခဲလာပြီး၊ မပြိုလဲရန်အတွက် အစွမ်းကုန် တည့်မတ် နေကြရတော့မည့် အခြေအနေရှိလာနိုင်သည်ကို ထည့်သွင်းစိုးရိမ်နေရကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရှိရသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေးအသိုက်အဝန်းကို အကောင်အထည်ဖော်မှုအနေဖြင့် ၂၀၁၀- ၂၀၁၁ ခုနှစ်တွင် လုပ်ငန်းစဉ် ၁၇၈ ခု ရှိသည့်အနက် ဇွန်လကုန်ထိ ၈၄ ခု ဆောင်ရွက်ပြီး ဖြစ်ကြောင်း စာရင်းဇယားများအရ သိရသည်။

သတင်း.... YC.။