28 September 2011

မြန်မာစစ်ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးရေး အမေရိကန်အား တိုက်တွန်းစာတင်

(27 September 2011 ရက်စွဲပါ AFP ၏ “Petition urges US to press Myanmar war probe” ကို Y C မှဘာသာ ပြန်ဆိုသည်)

တနင်္လာနေ့က ထောင်ပေါင်းများစွာသော အမေရိကန်လူမျိုးများ လက်မှတ်ရေးထိုး၍ မြန်မာနိုင်ငံရှိ စွပ်စွဲထားသော လူသားချင်းမစာနာသည့် ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂစုံစမ်းရေး အဖွဲ့အတွက် ဖိအား ပေးရန် အမေရိကန်ပြည်ထောင်စုအား တိုက်တွန်းခဲ့သည်။ အမေရိကန် အနေဖြင့် ရှေ့ဆက်တာဝန်ယူ လုပ်ဆောင်ရမည်ဟု ဆိုသည်။

US Campaign for Burma က ပြောကြားရာတွင် အဆိုပါ တိုက်တွန်းတောင်းဆိုစာတွင် အမေရိကန်လူမျိုး (13000) ခန့် လက်မှတ်ရေးထိုးရာ အများစုမှာ U2 ဖျော်ဖြေပွဲတွင် ဖြစ်သည်။ U2 အဖွဲ့မှ Bono သည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကာလရှည်ကြာကပင် ထောက်ခံခဲ့သူဖြစ်သည်။

US Campaign for Burma မှ အမှုဆောင်ဒါရိုက်တာ အောင်ဒင်က အဆိုပါတောင်းဆိုစာအား အမေရိကန် နိုင်ငံခြားရေးဌာနမှ စစ်ရာဇဝတ်မှု များအတွက် အထူးတာဝန်ယူထားသော သံအမတ်ကြီး စတီဖင်ရက်ပ် (Stephen Rapp) ထံသို့ ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် သွေးထွက်သံယို နှိမ်နင်းခံရသော ဘုန်းတော်ကြီး အရေးအခင်း လေးနှစ်မြောက်နေ့တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးအုပ်စုများက ပြောကြားရာတွင် မြန်မာစစ်တပ်သည် ရွာများကို ဖျက်ဆီးခြင်း၊ ရွာသားများအား အလုပ်သမားများအဖြစ် အတင်းစေခိုင်းခြင်းနှင့် တိုင်းရင်းသားသူပုန်များနှင့် တိုက်ခိုက်ရာတွင် အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းအား စစ်လက်နက် သဖွယ် ကျင့်သုံးခဲ့သည်ဟု ဆိုသည်။

“မည်သည့်နိုင်ငံတွင်မဆို အမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက် တရားမျှတရေးသည် အရေးပါသော အစိတ်အပိုင်းဖြစ်သည်။ တိုက်ပွဲများ မရပ်မချင်း တရားဥပဒေစိုးမိုးမှုမရှိမချင်း မြန်မာနိုင်ငံ အနေဖြင့် ရှေ့ဆက်နိုင်မည် မဟုတ်ပေ။” ဟု အောင်ဒင်က အဆိုပါစာတွင် Burma ဟု သုံးနှုန်း၍ ရေးသား ထားသည်။

“လွန်ခဲ့သော လေးနှစ်က ဘုန်းတော်ကြီးများ အသတ်ခံခဲ့ရသည်။ အဆိုပါ ပြစ်မှုကျူးလွန်သူများမှာ ယနေ့ထိ အရေးယူမခံရသေးပေ။ အိုဘားမား အစိုးရအနေဖြင့် တရားမျှတရေးကို ကူညီရန် အရေးယူဆောင်ရွက်ရေးအား မည်မျှ ကြာကြာ စောင့်နေမည်နည်း” ဟု ယင်းက ပြောသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် ကုလသမဂ္ဂစုံစမ်းရေး ကော်မရှင်အတွက် လူသိရှင်ကြား ထောက်ခံခဲ့ပြီး ဖြစ်သော်လည်း အမှန်တကယ် ပေါ်ပေါက်လာရေးအတွက် အနည်းငယ်သာ လုပ်ဆောင်နိုင်ခဲ့သည်။ တာဝန်ရှိသူများက အာရှနိုင်ငံများ အနေဖြင့် ကန့်ကွက်မည်ဟု ယုံကြည်နေသည်။

သမ္မတအိုဘားမား၏ အစိုးရအဖွဲ့သည် မြန်မာအစိုးရအား အထီးကျန်ပြုထားရေးဝါဒသည် မအောင်မြင်ကြောင်း သုံးသပ်၍ ၂ဝဝ၉ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် တွေ့ဆုံဆွေးနွေးမှုများ စတင်ခဲ့သည်။ အမေရိကန် တာဝန်ရှိသူများက ယင်းတို့မြင်ရသော ကောင်းမွန်သည့် လက္ခဏာများကို ပြောခဲ့ကြ ပြီး ပိုမို လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း ဆိုသည်။

ပြီးခဲ့သည့်မေလက စစ်အစိုးရသည် အမည်ခံအရပ်သားအစိုးရသို့ အာဏာလွှဲပေးခဲ့သည်။ သို့သော် အဆိုပါ ပြောင်းလဲမှုသည် အပေါ်ယံသာ ဖြစ်ပြီး စစ်တပ်ကသာ ခိုင်မြဲစွာ အုပ်ချုပ်နေဆဲဖြစ်ကြောင်း အတိုက်အခံက ပြောသည်။

မကြာသေးမီက AFP နှင့် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂစုံစမ်းစစ်ဆေးမှုသည် လက်စားချေမှုနှင့် မသက်ဆိုင်ဘဲ အနာဂတ်တွင် ငြိမ်းချမ်းရေးနှင့် ခွင့်လွှတ်နိုင်ရေးအတွက် အထောက်အကူပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် International Crisis Group ၏ မကြာသေးမီက အစီရင်ခံစာတွင် အဆိုပါ ကော်မရှင်ကြောင့် မြန်မာ အစိုးရသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှ နောက်ဆုတ်သွားစေနိုင်ကြောင်း သတိပေးခဲ့သည်။