01 October 2011

ထိုင်းဝန်ကြီးချုပ် မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိ

(The Nation မှ 30 Sept 2011 ရက်စွဲပါ “PM has no plan to meet Suu Kyi on Burmese Trip” သတင်းကို Y C မှ ဘာသာ ပြန်ဆိုသည်)

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာသည် မြန်မာနိုင်ငံသို့ လာမည့် ဗုဒ္ဓဟူးနေ့တွင် သွားရောက်မည် ဖြစ်ကြောင်း အစိုးရ သတင်း ရပ်ကွက် က မနေ့က ပြောကြားလိုက်သည်။

ဝန်ကြီးချုပ် နေပြည်တော်သို့ သွားရောက်မည့် ခရီးစဉ်အတွက် ဘန်ကောက်မှ မွန်းလွဲပိုင်းတွင် ထွက်ခွာမည်ဟု ဆိုသည်။ ဝန်ကြီးချုပ် ယင်းလပ် သည် မြန်မာသမ္မတဦးသိန်းစိန်နှင့် ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ပြီး ဖျက်သိမ်းထားသော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေထံသို့လည်း သွားရောက် တွေ့ဆုံ နှုတ်ဆက်မည်ဟု သိရှိရသည်။

ယင်းလပ်သည် ဥပ္ပါတသန္တိ စေတီတော်ကိုလည်း သွားရောက်ဖူးမျှော် မည် ဖြစ်သော် လည်း မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေးဟု အဆိုပါ သတင်းရပ်ကွက်က ဆိုသည်။

ယခုခရီးစဉ်သည် သူမ အာဏာရလာပြီးနောက် အိမ်နီးချင်း ၂ နိုင်ငံ ဆက်ဆံရေး ခိုင်မာအောင် ပုံမှန်သွားရောက် လည်ပတ်ခြင်း ဖြစ်သည်ဟု အစိုးရ တာဝန်ရှိသူက ဆိုသည်။

အာဆီယံခေါင်းဆောင်သစ်တို့၏ ထုံးစံအတိုင်း ယင်းလပ်သည် အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များထံ နေ့ချင်းပြန် ခရီးစဉ်များ သွားရောက်ပြီး နှုတ်ဆက်လျက် ရှိရာ အောက်တိုဘာ ၁၁ တွင် မလေးရှား၊ အောက်တိုဘာ ၁၂ တွင် စင်ကာပူနှင့် အောက်တိုဘာ ၁၉ မှ ၂၁ ထိ တရုတ်နိုင်ငံ (အာဆီယံ အဖွဲ့ဝင် မဟုတ်) တို့သို့ သွားရောက်ရန် ရှိသည်ဟု တာဝန်ရှိသူက ပြောကြားသည်။

ယင်းလပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးနိုင်မည့် အခွင့်အလမ်းကို ကြိုးစားဖွယ်ရှိသည်ဟု မီဒီယာများက မှန်းဆနေကြ သော်လည်း ယင်းသတင်းကို အတည်ပြုမည့်သူ မရှိပါ။

ဇူလိုင် ၃ ရက် ရွေးကောက်ပွဲကို ယင်းလပ် အနိုင်ရရှိချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် အနေဖြင့် မြန်မာ့ဒီမိုကရေစီ ကြိုးပမ်းမှုကို ထောက်ခံ အားပေးလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။