27 September 2011

အရှေ့ဒဂုံမြောက်ပိုင်းနှင့်မြောက်ဥက္ကလာပမှ ဆုတောင်းသူများအား ကမ္ဘာအေး ဘုရားအနီးတွင် သက်ဆိုင်ရာမှ လူစုခွဲခိုင်းခဲ့

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၆ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ မိုးလေဝသနှင့် ဇလဗေဒ ရုံးရှေ့ပလက်ဖောင်းပေါ်၌ ဆုတောင်းခြင်း၊ ဝတ်ပြုခြင်းများပြုလုပ်ခဲ့ရာ သက်ဆိုင်ရာ အာဏာပိုင်များမှ တားဆီးခဲ့ခြင်းကြောင့် လူစုပြန်ခွဲခဲ့ရကြောင်းသိရသည်။

ဆုတောင်းပွဲသို့ လာရောက်သူများမှာ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်တို့မှ အများဆုံးလာရောက်ခြင်းဖြစ်ပြီး အခြားမြို့နယ်များမှ ပါဝင်သူများလည်းရှိကြောင်းသိရသည်။

ပထမ အစီအစဉ်က ဆူးလေကို နေ့လည်တစ်ရာရီ အရောက်။ ဆူးလေဘုရားမှာဆုတောင်းမယ်ဆိုပြီး။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ဟာ ရွှေဝါရောင်တော်လှန်ရေး (၄) နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ကော၊ အကျဉ်းသားလွတ်မြောက်ရေးအတွက် ဆုတောင်းပွဲလေးလုပ်ချင်တာ။ သူတို့တွေကတားတော့ ဒီမှာပဲဆုတောင်း ဝတ်ပြုလိုက်တယ် ̋ ဟု ဆုတောင်းပွဲတွင် ပါဝင်ခဲ့သူ တစ်ဦးက ကမ္ဘာအေးဘုရားအနီးတွင် ပြောသည်။

အဆိုပါ ဆုတောင်းဝတ်ပြုပွဲကို လုံခြုံရေးရဲကား (၁၀) စီးဝန်းကျင်၊ ရဲတပ်ဖွဲ့ဝင် အင်အား (၂၀၀) နီးပါးဖြင့် တားဆီးခဲ့ပြီး လက်ရှိတည်ဆဲဥပဒေအရ လူငါးဦးထက်ပို၍စုပါက အရေးယူရလိမ့်မည်ဖြစ်ကြောင်း သတိပေးပြောဆိုကာ လူစုခွဲခိုင်းခဲ့ခြင်းဖြစ်ကြောင်း ဆုတောင်းပွဲတွင်ပါဝင်ခဲ့သူမျာထံမှ သိရသည်။

̏ သူတို့ဘက်က ၂ ပွင့်နဲ့ အရာရှိတစ်ဦးကပြောတယ်။ လက်ရှိဥပဒေအရ လူငါးဦးထက်ပိုစုလို့မရတဲ့ ဥပဒေကရှိနေတုန်းပဲတဲ့။ လွှတ်တော်ထဲမှာလဲ ဒီဥပဒေနဲ့ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်တုန်းပဲရှိသေးတဲ့အတွက် လက်ရှိအချိန်ထိ ဒီဥပဒေဟာ အသက်ဝင်နေတုန်းပဲဆိုပြီး ပြောတယ်။ ငါးဦးထက်ပိုစုမယ်ဆိုရင်တော့ အရေးယူရလိမ့်မယ်လို့ပြောတယ် ̋ ဟု ဒဂုံအရှေ့ပိုင်းမှ ဝတ်ပြုဆုတောင်းပွဲသို့လာရောက်သူ အမျိုးသားတစ်ဦးက ပြောသည်။

ထိုဝတ်ပြုဆုတောင်းပွဲတွင် လူဦးရေ ၁၁၄ ဦးတိတိ ပါဝင်ခဲ့ပြီး နေလည်(၁)နာရီတွင် ဆုတောင်းပွဲကိုစတင်ခဲ့ရာ သက်ဆိုင်ရာအာဏာပိုင်များ၏တားဆီးမှုကြောင့် နေ့လည် (၂)နာရီ ဝန်းကျင်တွင် လူစုခွဲခဲ့ကြကြောင်းသိရသည်။

`အားလုံးပဲ အေးအေးဆေးဆေးနဲ့လမ်းခွဲကြပါတယ်။ ဆန္ဒုပြတာတွေလည်း မရှိပါဘူး၊ စိတ်တော့ မကောင်းဘူးပေါ့ဗျာ၊ ဆုတောင်းဖို့တောင် ခွင့်မပြုဘူးဆိုတော့`ဟု မြောက်ဥက္ကလာပမှ ဆုတောင်းပွဲလာရောက်ခဲ့သူ အမျိုးသားတဦးက ပြောသည်။

သတင်း..ကျော်ဇင်မန်း(မြစ်မခ) ။