29 September 2011

ဒီမိုကရေစီ သို့မဟုတ် ဆိတ်ငြိမ်သောအပြာ


အိမ်ရှေ့လမ်း၏တစ်ဖက် ကားဝပ်ရှော့ဆီမှ ထုသံနှက်သံ၊ အဆက်မပြတ် သွားလာနေသော ကားသံလူသံတွေက အခန်းကျဉ်းလေးထဲ အဆီးအတားမရှိ ဝင်ထွက်နေ သည်။

ပါးလျားသော်လည်း အတန်ငယ် ရှည်နေပြီဖြစ်သော ဆံပင်တွေ ကအဖြူ၊ ကျွဲကော်ကိုင်းမျက်မှန် အောက်က သတင်းသမားတစ်ဦး ၏ အကြည့်တွေကိုတော့ ဇရာက အားပျော့အောင်မလုပ်နိုင်ပေ။

နေ့စဉ်အပြောင်းအလဲမရှိ ဝတ်ဆင်မြဲဖြစ်သည့် အပြာရောင်ချည် ကြမ်းအင်္ကျီက အခုတော့ ဆရာ ဦးဝင်းတင်၏ ထင်ရှားသော အမှတ်လက္ခဏာ ဖြစ်နေခဲ့ပြီ။ အပြာ သို့ မဟုတ် ယုံကြည်ချက်။

”ဆံပင်လည်း မညှပ်ဘူး။ ကျွေးတာစားတယ်။ လက်ဖက်ရည် တစ်ခွက်တောင် ဝယ်မသောက်ဘူး။ ထောင်ထဲက ကျွန်တော့်မိတ်ဆွေတွေ ဒီလူတွေကို မမေ့နိုင်ဘူး။ ဒီလိုပဲ ကျွန်တော် ခြိုးခြံပြီးနေပါတယ်”ဟု ဆရာကဆိုသည်။

အခန်းဝကိုကျောပေးထား သောခုံပေါ် ပုဆိုးအကွက်ကြဲ၊ အနည်းငယ်အန်းနေသော ခြေအစုံတွင် မိုးတွင်းစီး အညံ့စားခြေညှပ်ဖိနပ် နှင့် ခပ်ကိုင်းကိုင်း ထိုင်နေသော ဆရာ့ အသွင်မှာ ရိုးရှင်းလွန်းလှသည်။

သို့သော် သမိုင်းဟူသည် ပင်လယ်သေ မဟုတ်။ အရှိန်အဟုန် ပြင်းပြင်း စီးဆင်းနေသော မြစ်တစ်စင်း။

ဆရာ့နောက်ကျော အခန်းနံရံ ပေါ်က ဒေါ်အောင်ဆန်းစုကြည် ပုံတူ ဆီဆေးပန်းချီကားအောက်မှ စကားသံများက အသက် ၈၂ နှစ် အရွယ် သတင်းစာဆရာ၊ နိုင်ငံ ရေးသမား (သို့မဟုတ်) NLD ပါတီ ၏ အဓိက ခေါင်းဆောင်တစ်ဦးဖြစ် သည့် အဘဦးဝင်းတင်၏ ကောက် ကြောင်းကို ခပ်ဖွဖွဆေးရောင်တို့ ထိနေသကဲ့သို့ပင်။

”ကျွန်တော်က သတင်းစာ ဆရာပဲဖြစ်ချင်တာ။ ကိုယ့်ကိုယ်ကိုယ် အောင်မြင်တဲ့ နိုင်ငံရေးသမား ဖြစ်တယ်လို့ မယူဆဘူး။ အဲဒီလို ခံယူမထားပါဘူး”ဟု ဆရာက သူ့ ရပ်တည်မှု တစ်ခုကို လှစ်ပြသည်။ ဆရာ တက္ကသိုလ်ရောက်သည့် ၁၉၄၈ သည် မြန်မာ့နိုင်ငံရေး၏ အပြောင်းအလဲ စာမျက်နှာ၊ နိုးကြား တက်ကြွသော နိုင်ငံရေး အဖွဲ့အစည်းများ၊ ဖဆပလ၏ လှုပ်ရှားမှု ဒီရေလှိုင်း၊ နိုင်ငံရေး၏ ထင်ရှားသော လူပုဂ္ဂိုလ်များနှင့် ပတ်ဝန်းကျင်သည် ဆရာ့ အပေါ် လွှမ်းမိုးခဲ့သော ဂယက်ဟု ဆရာက ဆိုသည်။ နောက် စာအုပ်တွေ၊ ဂျာနယ်ကျော်မမလေး၏ ‘သူလိုလူ’ သြဇာနှင့် အုတ်ဖိုသား ဂျာနယ်ကျော် ဦးချစ်မောင် အပေါ် အားကျစိတ်မှာ နယ်ချင်းဆက်နေသည့် ကြို့ပင်ကောက်ဇာတိ ဆရာ ၏ ဒေသစိတ်နှင့်လည်း သက်ဆိုင်သည်ဟု ဆရာကပြောသည်။ ယင်းသည်ပင် သတင်းစာလောကသို့ တိုးဝင်ခဲ့သော ဆရာ့ဘဝ ခြေလှမ်း များ … ။

”နိုင်ငံရေးက လိုအပ်ချက်အရ လုပ်ခဲ့တာ။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဝန်ကြီးလုပ်ဖို့ အခွင့်အရေးယူဖို့ ဆိုတာမျိုးမရှိဘူး။ ဒါ ကျွန်တော်လက်သင့်ခံပြီး ဆွေးနွေးတဲ့ကိစ္စ မဟုတ်ပါဘူး။ ပံ့ပိုးပေးနိုင်တာ လုပ်မယ်။ ထောက်ခံမှုလုပ်မယ်။ ရှင်းလင်းဖို့ လိုအပ်တာကို ရှင်းလင်းပေးမယ်။ စည်းရုံးနိုင်တာ စည်းရုံးပေးမယ်။ အဲဒီအတွက် ကျွန်တော်က အောင်မြင်တဲ့ နိုင်ငံရေးသမား ဖြစ်တယ်လို့ မယူဆတာပါ”ဟု ယုံကြည်ရပ်တည်မှုအပေါ် ဆရာက ထပ်ဆင့် အဓိပ္ပာယ်ဖွင့်သည်။

စက်အကူဖြင့် လှုပ်ရှားနေရသော ဆရာ့နှလုံးကြောင့် အရာရာသည် စိတ်နောက်ကိုယ်ပါမဖြစ်တော့သော်လည်း ဘာကိုမှ အရှုံးမပေးသေးဆိုတာကတော့ မနားတမ်းဆို နေသည့်စကားတွေထဲမှာ ထင်ထင်ရှားရှား မြင်နေရ ဆဲ။ ကျောက်ကုန်း မှ မိတ်ဆွေအိမ်နှင့် တာမွေမှဦးလေးအိမ်တို့တွင် နှစ်ပတ်စီ နေထိုင်ရသည့် လက်ရှိဘဝ အရွှေ့အပြောင်း ကတော့ ဆရာ၏ အခက်အခဲ သို့မဟုတ် ကံတရား၏ ပြဋ္ဌာန်းမှုဟု ဆိုရမည်။

အသက်အရွယ်ကြောင့် ဘာမှမလုပ်နိုင်တော့ဟု ဆိုသော်လည်း ဆရာဒီအတိုင်း ထိုင်နေခြင်းတော့ မဟုတ်။ စာအုပ် ထုတ်ဝေရေးကိစ္စတွေ၊ ပါတီကိစ္စတွေ၊ နိုင်ငံရေး ဧည့်သည်တွေ၊ တွေ့ဆုံမှု၊မေးမြန်းမှုများက လူကိုယ်တိုင်သာမက တယ်လီဖုန်းများ ဖြင့်လည်း အဆက်မပြတ်။

”ကျွန်တော်က သတင်းစာသမားစိတ်နဲ့ လွတ်လွတ်လပ်လပ် ပြောတယ်။ ရှင်းတယ်။ ဝေဖန်တယ်။ တစ်ခါတစ်ခါကျတော့ ဒါက တစ်မျိုးဖြစ်နေတာပေါ့။ ကျွန်တော့် စိတ်အရတော့ နိုင်ငံရေးကို မရှင်းလင်းရဘဲနဲ့ မလုပ်ချင်ဘူး။ ထောက်ခံရမယ်ဆိုတာကို အာဏာရှင်ဆန်ဆန် မလုပ်ချင်ဘူး။ သံသယတွေရှင်းပြီး ကြိတ်ချေပြီးတော့ လုပ်ချင်တယ်”ဟု ဆရာကပြောပြသည်။

သစ်ပင်များနှင့် အုံ့အုံ့ဆိုင်းဆိုင်း ရှိနေသော ခြံအရိပ်ကြောင့်ထင့်။ မပြတ်ထွန်းထားသော မီးချောင်း အလင်းအောက်မှာပင် အခန်းကျဉ်းလေးထဲ ခြင်တွေက နေရာအနှံ့။ ဆရာ့ခြေထောက်တွေအနား တရစ်ဝဲဝဲလုပ်နေသော ခြင်ကြီးတွေကို ယမ်းခါခြောက်ရင်း နံရံလေးဖက်ကြား နှစ် ၂ဝ အတွေ့အကြုံမှ အပိုင်းအစ တစ်ခုကလည်း ခုချိန်မှာ တော့ သမိုင်းဖြစ်နေခဲ့ပြီ။

ညို့တက်လာသော မိုးသားရိပ်နှင့် မီးချောင်းအလင်းအောက်မှာ ဆရာ့အင်္ကျီအပြာက တောက်နေသည်။

”မသေခင်လေးတော့ ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီ ထွန်းကားတဲ့ လူ့အဖွဲ့အစည်း၊ လူထုဆန္ဒ သဘောထားနဲ့ တင်မြှောက်တဲ့ အစိုးရအဖွဲ့ ကိုမြင်သွားချင် သေးတယ်”ဟုဆရာ က လေးလေးနက်နက် ဆိုပါသည်။

အပြင်မှာ အမှောင်ကအား ကောင်းလာပြီ။ ဒီအချိန်ဆို ဆရာ ရေဒီယိုဖွင့်ပြီး သတင်းတွေ နားထောင်ချိန်၊ လက်ရှိ လှုပ်လှုပ်ခတ်ခတ် ပြောဆိုနေကြသော အကျဉ်း သားများ အရေးနှင့် သူတို့လွတ်မြောက်လာခဲ့ရင်ဟု ကျွန်တော် အဆုံးသတ်မေးတော့ ဆရာက အပြာရောင် ချည်ကြမ်းအင်္ကျီကို ကိုင်ကာ ”ကျွန်တော် ပြောင်းရမှာပေါ့”ဟု ချက်ချင်းပြန်ဖြေပါသည်။အပြင်ဘက်မှာ မှောင်နေပြီ။

ရေးသားသူ ....အောင်ခွန်းဆက်(Popular News)