30 September 2011

လူရွှင်တော် ဇာဂနာ အကျဉ်းထောင်မှလွတ်ပြီဟု သတင်းထွက်ပေါ်

မြစ်ကြီးနားအကျဉ်းထောင်တွင် ထောင်ဒဏ် ၃၅ နှစ်ကျခံနေရသော လူရွှင်တော်ဇာဂနာ (ခ) ကိုသူရသည် အကျဉ်းထောင်မှ လွတ်မြောက်လာပြီ ဖြစ်ကြောင်း ယင်း၏အကို ဦးတေဇအောင်က ရန်ကုန်ခရော်နီကယ်သတင်းလွှာသို့ စက်တင်ဘာ ၂၉ ရက်နေ့လယ်တွင် ပြောကြားသည်။

“သူရက မနေ့က ထောင်ကလွတ်ပြီး၊ မန္တလေးကို ရထားနဲ့ဆင်းလာတာ။။အခုမန္တလေးမှာ ရောက်နေတယ်။ မန္တလေးကနေ ရန်ကုန်ကို မနက်ဖြန်လောက် ရောက်မယ်”ဟုယင်းကဆိုသည်။

သို့သော် လူရွှင်တော်ဇာဂနာသည် မန္တလေးမှ ရန်ကုန်သို့ မည်သည့်လမ်းကြောင်းဖြင့် ပြန်လာမည်ကို သိရှိထားခြင်း မရှိကြောင်း ဦးတေဇအောင်က ဆက်လက်ပြောသည်။

သို့သော် ဇာဂနာ၏ခယ်မ ဖြစ်သူ မငြိမ်း(ခ) ဒေါ်စန္ဒာမှ ကိုဇာဂနာသည် စက်တင်ဘာ ၂၉ ရက်နေ့လယ်အထိ မြစ်ကြီးနားထောင်တွင် ရှိနေသည်ကို ထောင်ဆရာဝန်မှ တွေ့ခဲ့ရကြောင်း ပြောသည်။

“ကိုသူရလွတ်ပြီကြားလို့ မြစ်ကြီးနားက အသိတစ်ယောက်ကို ထောင်ကိုသွားကြည့်ခိုင်းတော့ ထောင်ဆရာဝန်က မလွတ်သေးဘူး။ အထဲမှာ ရှိတယ်လို့ ပြောတယ်”ဟု ဆက်လက်ပြောကြားသည်။

ပြည်ပအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် လွတ်လပ်သည့်အာရှ အသံကလည်း လူရွှင်တော်ဇာဂနာသည် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာပြီး၊ စက်တင်ဘာ ၂၀ တွင် ရန်ကုန်ရှိ၎င်း၏ နေအိမ်သို့ ထောက်လှမ်းရေးအဖွဲ့ဝင်များမှ သွားရောက်အပ်နှံမည် ဖြစ်ကြောင်း နေပြည်တော် အသိုင်းအဝန်း၏ ပြောဆိုချက်ကို ကိုးကား၍ဖော်ပြထားသည်။

“ထောက်လှမ်းရေးတွေ ကိုယ်တိုင်၊ ကိုယ်ကျ လာအပ်မယ်ဆိုရင်လည်း အခုချိန်ဆိုရင်တော့ ကျွန်မတို့ကို အကြောင်းကြားသင့်ပါပြီ။”ဟု မငြိမ်းကဆိုသည်။

လူရွှင်တော်ဇာဂနာ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် သတင်းမှန်ကန်ပါက ကုလသမဂ္ဂ၏ ၆၆ ကြိမ်မြောက် ညီလာခံတွင် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဍမာင်လွင် ပြောကြားသွားသည့် အကျဉ်းသားများ ဆက်လက် လွတ်ပေးရန်ရှိသည် ဆိုသည်ကို ယုံကြည်ရမည် ဖြစ်ကြောင်း ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောကြားသည်။

“အစိုးရက ခြေလှမ်းတစ်လှမ်းစဖို့သာ လိုနေတာပါ” ဟု ယင်းကသုံးသပ်ပြောကြားသည်။

လူရွှင်တော် ဇာဂနာ အကျဉ်းကျခံရမည့် နှစ်များကို တွက်ကြည့်ပါက အကျဉ်းဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရ မလွတ်မြောက်နိုင် သေးသည်ကို တွေ့ရှိရကြောင်း အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လူရွှင်တော်ဇာဂနာအား နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန် စေ့ဆော်မှု၊ ဗီဒီယိုအက်ဥပဒေ၊ အီလက်ထရွန်းနစ် အက်ဥပဒေတို့ဖြင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့ပြီး၊ ၂ဝဝ၉ ဖေဖော်ဝါရီတွင် ပြစ်ဒဏ် ၂၄ နှစ် လျှော့ပေးသဖြင့် ထောင်ဒဏ် ၃၅ နှစ် ကျခံရမည်ဖြစ်သည်။

သတင်း...YC(KS)