01 October 2011

မြန်မာနိုင်ငံတွင်အမျိုးသမီး အခန်းကဏ္ဍ အရေးကြီးလာ ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို


မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍမှာ အရေးကြီး လာကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ နိုင်ငံရေးကို မိန်းကလေးတွေ မလုပ်သင့်ဘူး ဆိုတဲ့ အမြင်မျိုး ရှိခဲ့တယ်။ ဒါဟာ အခုတော့ အများကြီး ပြောင်းလာပြီ။ တချို့နေရာတွေမှာ မိန်းကလေးတွေက ပိုတော်တယ်။ ပိုထူးခြားတယ်ဟု ဒေါ်အောင်ဆန်း စုကြည်က သူမ၏ မှတ်ပုံ မတင်ရသေးသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံး၌ ပြောဆိုခဲ့သည်။

သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် ဖွဲ့စည်း စဉ်က ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည် တစ်ဦး တည်းသာ အမျိုးသမီး တစ်ဦး အဖြစ် ပါဝင်ခဲ့ကာ ထိုအချိန် နိုင်ငံရေးတွင် ပါဝင်ပတ်သက်လိုသူ အမျိုးသမီး နည်းပါး ခဲ့သော်လည်း ယခုအခါ နိုင်ငံရေး တွင် ပါဝင် ပတ်သက်သူ အမျိုးသမီး များပြား လာခဲ့ကြောင်း သူမကဆိုသည်။

နာရေးကူညီမှု အသင်း (ရန်ကုန်)တွင် ဦးဆောင်သူ တစ်ဦးအဖြစ် ပါဝင် လှုပ်ရှားနေသူ ဒေါ်ရွှေဇီးကွက် ကလည်း အမျိုးသမီးတွေက အလှအပမှာ တင် ဂရုစိုက်တာ မဟုတ်ဘဲနဲ့ အများအတွက် ဂရုစိုက်တာမျိုး ဖြစ်စေချင် တယ်။ မေတ္တာပဲလိုချင်တာမျိုး မဟုတ်ဘဲနဲ့ အဲ့ဒီအဆင့်ထက် ကျော်ပြီး ကိုယ်ကပေးနိုင်တဲ့ အဆင့်မျိုးကို ရောက်အောင်ကြိုးစားရမယ်ဟုဆိုသည်။

မြန်မာနိုင်ငံတွင်လက်ရှိ အခြေအနေအရ အမျိုးသမီးများ အလုပ်မလုပ် ပါက အိမ်ထောင်တစ်ခုတွင် စားဝတ်နေရေးအဆင်မပြေနိုင်တော့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။ဒါပေမယ့် အမျိုးသမီးကလည်း အလုပ်လုပ်တယ်။ အမျိုးသားက လည်း အလုပ်လုပ်တယ်။ အိမ်ပြန်လာတော့ ထမင်းချက်စားတော့ အမျိုး သမီးကပဲချက်ရတယ်။

အမျိုးသမီးကိုယ်တိုင်ကလည်း ဒီဟာကို ပြောင်းလဲ အောင်လုပ်ရမယ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ အချို့ ဒီမိုကရေစီနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် အမျိုးသမီး များကို အမျိုးသားများထက် ဦးစားမပေးဘဲ ခွဲခြားဆက်ဆံမှုများရှိနေသေး သည်ကို နိုင်ငံတကာ ရုပ်သံသတင်းများနှင့် သတင်းစာများတွင် ဖော်ပြ လျက် ရှိသည်။

သတင်း..... Venus News Journal.။