စက်တင်ဘာလ ၂၆ ရက်နေ့(ယမန်နေ့)က ဆူးလေဘုရားတွင် ၀တ်ပြုဆုတောင်းခဲ့သော ဒေါ်နော်အုန်းလှအား ဖမ်းဆီးထိန်းသိမ်းခံရခြင်း မရှိကြောင်း သူမနှင့် နီးစပ်သူ တဦးက ပြောသည်။
`မနော်နဲ့ မနက်ကတင် ဖုန်းပြောဖြစ်ပါတယ်။ ညက လာဖမ်းတယ်ဆိုပြီး သတင်းထွက်လို့ပါ၊ မဟုတ်ပါဘူး၊ကိုဟန်ဝင်းအောင်လည်း အဖမ်းမခံရပါဘူး ဒါပေမဲ့ ကိုဟန်ဝင်းအောင်ကို အိမ်ကိုတော့ စောင့်ကြည့်နေကြတယ်`ဟု ဒေါ်နော်အုန်းလှနှင့် နီးစပ်သူ တဦးက မြစ်မခမီဒီယာသို့ ပြောသည်။
ထို့အတူ ဆူးလေဘုရားတွင် ဆုတောင်းခဲ့သော ကိုဟန်ဝင်းအောင်ကိုလည်း သက်ဆိုင်ရာမှ လိုက်လံ စောင့်ကြည့်လျက်ရှိကြောင်း၊ ယခုအချိန်ထိ ဖမ်းဆီးထားသူ မရှိသေးကြောင်း မြစ်မမီဒီယာမှ စုံစမ်းသိရှိရသည်။
ဆူးလေ ဆုတောင်းပွဲတွင်ပါဝင်ခဲ့သူအချို့အား သက်ဆိုင်ရာမှ စောင့်ကြည့်လျက်ရှိသော်လည်း ဖမ်းဆီးခြင်း၊ ထိန်းသိမ်းအရေးယူခြင်း မရှိကြောင်း စုံစမ်းသိရှိရသည်။
`ဒီမိုကရေစီအစိုးရလို့ ပြောတယ် မဟုတ်လား၊ ဒါဆိုရင်တော့ မနေ့က ဆုတောင်းတဲ့ သူတွေကို ဖမ်းတာတွေ ဘယ်လုပ်လို့ဖြစ်မလဲ၊ လုပ်လိုက်ရင် ဒီမိုကရေစိအစိုးရမဟုတ်ဘူးဆိုတာ ပြလိုက်တာပဲ၊ ကျွန်တော်တို့တော့ အဲလို ပဲ မြင်မိတယ်` ဗဟိုတရားရုံး ရှေ့နေဦးခင်မောင်ဦးက ပြောသည်။
သတင်းအားပြန်လည်မျှဝေပေးသောငြိမ်းဆက်လင်း(မြစ်မခ)နှင့် ဓာတ်ပုံ များပေးပို့ပေးသော ကိုသောင်းတန်ချို အားကျေးဇူး တင်ရှိပါသည်.။