27 September 2011

မြန်မာနိုင်ငံကိုမျက်ခြည်မပြတ်စောင့်ကြည်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

(21 Sept 2011 ရက်စွဲပါ AFP သတင်းမှ “Suu Kyi urges world to keep eye on Myanmar” ကို yangonchronicle မှ ဘာသာပြန်ဆိုသည်)

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံကို အရေးစိုက်စောင့်ကြည့်လေ့လာမှုမပြုဘဲ မနေသင့်ကြောင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်ကြောင်း AFP သတင်းဌာန အဆိုအရ သိရသည်။ မြန်မာနိုင်ငံသည် ယခုအခါ လွတ်လပ်မှုဆီသို့ ဦးတည်မည့် ပဏာမအခြေအနေထဲသို့ ရောက်ရှိနေပြီဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်ပြောဆိုသည်။ အမေရိကန်ပြည်ထောင်စု နယူး ယောက်မြို့တွင် ကျင်းပပြုလုပ်သော နိုင်ငံတကာကွန်ဖရင့်သို့ ဗီဒီယိုလင့်ခ်ဖြင့် မိန့်ခွန်းပြောဆိုရာ၌ သူမကအထက်ပါအတိုင်း တိုက်တွန်းခြင်း လည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးအခြေအနေများ နူးညံ့ပျော့ပြောင်း
လာမှုကို ပြင်ပကမ္ဘာက အနီးကပ်စောင့် ကြည့် စစ်ဆေးသင့် ကြောင်း ၎င်းကပြောသည်။ "ကျွန်မတို့တတွေ လိုအပ်နေတဲ့အချက်က ကျွန်မတို့မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ် ဆိုတာကို သိရှိထားဖို့ပါပဲ။ တကယ် လို့ နိုင်ငံတကာအသိုင်းအဝိုင်းကသာ မြန်မာနိုင်ငံကို အကူအညီ ပေးချင်တယ်ဆိုရင် မြန်မာနိုင်ငံမှာ ဘာဖြစ်နေတယ်ဆိုတာကို သိရှိထားဖို့လိုအပ်ပါ တယ်။ ဒီမှာဘာဖြစ်နေတယ်ဆိုတာကို ရှင်တို့အနေနဲ့ အဆက်မပြတ် စောင့်ကြည့်နေရပါမယ်" ဟု Clinton Global Initiative တွင်ပြုလုပ်သော ကွန်ဖရင့် သို့ တက်ရောက်လာကြသည့် နိုင်ငံရေးနှင့် စီးပွားရေးခေါင်းဆောင်များအား ၎င်းက တိုက်တွန်းပြောဆိုသည်။

မြန်မာနိုင်ငံတွင် ယခင်ကရှိခဲ့သော ပိုနေမြဲ၊ ကျားနေမြဲ အခြေအနေမှာ ပြောင်းလဲနေပြီဖြစ်သည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။ သို့သော် ၎င်းက "ကောင်းတဲ့ကိစ္စတစ်ခုဖြစ်ဖို့ အပြောင်းအလဲဆိုတာ အမြဲတမ်းတော့ဖြစ်မနေပါဘူး။ စဉ်ဆက်မပြတ် ပြောင်းလဲနေတယ် ဆိုတာလည်းမရှိပါဘူး။ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ကမ္ဘာကြီး အနေနဲ့ မျက်ခြည်မပြတ် စောင့်ကြည့်နေသင့်တယ်လို့ ကျွန်မပြောချင်ပါတယ်" ဟု သတိပေးပြောဆိုသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် အာရှ ဒေသတွင်း ပါဝါကြီးထွားလာသော တရုတ်နှင့် အိန္ဒိယနိုင်ငံသို့ သဝဏ်လွှာပေးပို့ပြီး ၎င်းတို့အနေဖြင့် မြန်မာအစိုးရအပါအဝင် မြန်မာပြည်သူများနှင့် ဆက်ဆံရေးကို အာရုံထား လုပ်ဆောင်သင့်ကြောင်း တိုက်တွန်း ပြောဆိုသည်။

"ကျွန်ုပ်တို့သည် အိမ်နီးချင်းနိုင်ငံကောင်းများ ဖြစ်ခဲ့ကြသည်။ သို့သော်အချိန် ကာလများ ပြောင်းလဲ သွားပြီဖြစ်သလို အခြေအနေ အရပ်ရပ်မှာ လည်း ပြောင်းလဲခဲ့ပြီဖြစ်သည်။ အိမ်နီးချင်းကောင်းများ အဖြစ် ဆက်လက်တည်ရှိနိုင်ရေးအတွက် မူဝါဒများလည်း ပြောင်းလဲသွားရမည်ဖြစ်သည်" ဟု ၎င်း က ဆိုသည်။ အဆိုပါ နယူးယောက်ဖိုရမ်သို့ ဗီဒီယိုလင့်ခ်ဖြင့် မိန့်ခွန်းပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်မှာ ရယ်ပြုံးလျက်ရှိသော်လည်း ပင်ပန်း နွမ်းနယ်နေပုံ ပေါက်နေသည်။ အသက် ၆၆ နှစ်အရွယ် ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလိပ်ဘာသာစကားကို ကောင်းမွန်ချောမွေ့စွာ ပြောဆိုပြီး အသံမှာလည်း လေးနက်တည်ကြည်လှသည်။ သူမ၏ နိုင်ငံတွင်ဖြစ်ပေါ်နေသော အပြောင်းအလဲမှာ ကာလ ကြာရှည်စွာ ခရီးနှင်ရဦးမည်ဖြစ် သည်ဟု ဆိုသည်။

"ခရီးဆိုတာ တစ်ဆင့်ပြီး တစ်ဆင့်သွားကြရတာပါ။ အရိုးသားဆုံးပြောရမယ်ဆိုရင် ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ပထမဆုံးစတင်ပါဝင်ခဲ့ချိန်တုန်း က ကျွန်မဘဝတစ်ခုလုံး မြှုပ်နှံရလိမ့်မယ်လို့ ကျွန်မ မထင်မိခဲ့ပါဘူး" ဟု ၎င်းက ပြောသည်။ ယခုကဲ့သို့ နယူးယောက်ဖိုရမ်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပါဝင် တက်ရောက်ခွင့်ရရှိခြင်း၊ နိုင်ငံခြားသတင်းစာဆရာများနှင့် တွေ့ဆုံနိုင်ခြင်း၊ မြန်မာအစိုးရနှင့် တွေ့ ဆုံဆွေးနွေး
နိုင်ခြင်း အစရှိသည်တို့သည် တိုးတက်ဖြစ်ထွန်းမှုတစ်ရပ်ပင် ဖြစ်သည်ဟု ၎င်းကမှတ်ချက်ပေးသည်။ "အခုလိုကိစ္စမျိုးတွေကို ကျွန်မအနေနဲ့ ယခင်ကမလုပ်နိုင်ခဲ့ပါဘူး။ ဆိုတော့ ပြောရ ရင် ကျွန်မတို့တတွေ တိုးတက်ဖြစ်ထွန်းမှုတွေရှိနေတယ်လို့ဆိုရမှာပါ။ ဒါပေမဲ့ နောက်ထပ်တိုးတက်ဖြစ်ထွန်းမှုတွေ ပိုရှိလာဖို့ လိုအပ်ပါတယ်" ဟု ဆို သည်။

သို့သော် အာဖရိကမြောက်ပိုင်း၊ အရှေ့အလယ်ပိုင်းဒေသတို့တွင် လူငယ်များဦးဆောင်သည့် လူမှုကွန်ယက် ဝက်ဘ်ဆိုက်များမှတစ်ဆင့် အာဏာရှင်အစိုးရဟောင်းများဖြုတ်ချရေး လှုပ်ရှားမှုများနှင့် ဒီမိုကရေစီတိုက်ပွဲများ အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က လွန်စွာအရေးပေး ပြောဆို မှုမပြုပေ။ "အာရပ်ကမ္ဘာနိုင်ငံတွေကလို လူမှုကွန်ယက် မီဒီယာတွေ ကျွန်မတို့ဆီမှာ အားမကောင်းပါဘူး" ဟု ဆိုကာ မြန်မာနိုင်ငံတွင်း အင်တာနက်အသုံး ပြုမှုများအပေါ် လွန်စွာ တင်းကြပ်စွာထိန်းချုပ်ထားပုံကို ပြောဆိုသည်။ "ကျွန်မတို့နိုင်ငံမှာ ဆက်သွယ်ရေးစနစ်ကောင်းတွေ၊ ကွန်ယက်တွေ မဖွံ့ဖြိုးသေး ပါဘူး" ဟု ဆိုသည်။

မြန်မာ့အရေးတွင် အခက်ခဲဆုံးနှင့် အတင်းမာဆုံးဖြစ်လာမည့်ကိစ္စမှာ မလိုမုန်းထားဖြစ်မှုနှင့် ရန်ပြုလိုမှုများပင်ဖြစ်ကြောင်း သူမက ဆိုသည်။ "အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ချက်ဟာ အားလုံးအတွက်အခက်ခဲဆုံးသော အလုပ်တစ်ခု ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့ လဲဆို တော့ နှစ်ဖက် စလုံးက စေ့စပ်ညှိနှိုင်းမှု လုပ်ဖို့နဲ့ အပေး၊ အယူလုပ်ဖို့ ပြင်ဆင်ထား ရမှာဖြစ်တဲ့ အတွက်ကြောင့်ပါ" ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လအတွင်း သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံဆွေးနွေးပြီးနောက် "သတိကြီးစွာဖြင့် မျှော်လင့်ထားကြောင်း၊ သို့သော် ရလဒ်များကို စောင့်ကြည့်နေမည် ဖြစ်ကြောင်း" ပြောဆိုထားသည်။ "မကြာခင်ကာလတွေ မှာဖြစ်ပေါ်လာတော့မယ့် စစ်မှန်တဲ့အပြောင်းအလဲလက္ခဏာတွေကို တွေ့မြင်ရမယ်လို့ ကျွန်မတို့ မျှော်လင့် ထားပါတယ်။ အပြောင်းအလဲဖြစ်မယ်လို့ ပြောဆိုထားတာတွေကတော့အများကြီးပါပဲ၊ ဒါပေမဲ့ ပြည်သူတွေ ခိုင်မာမှုရှိတဲ့အပြောင်းအလဲတွေကို တွေ့မြင်နေချင်ကြပါ တယ်။ အပြောင်းအလဲ အစပိုင်းကို စတင်တွေ့မြင်ရတော့မယ်လို့ ကျွန်မထင်ပါတယ်" ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီပါတီ(NLD) သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေးခဲ့ခြင်းမရှိပေ။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အတွင်း ကျင်းပသော နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်ရွေးကောက်ပွဲကိုလည်း NLD က သပိတ်မှောက်ခဲ့ရာ အကျိုးဆက်အားဖြင့် စစ်အစိုးရ၏ ပယ်ဖျက်ခြင်း ခံလိုက်ရသည်။ မည်သို့ပင်ဆိုစေ လတ်တလောကာလများအတွင်း စစ်တပ် ကျောထောက်နောက်ခံ အစိုးရသစ်က အတိုက်အခံ အင်အားစုများနှင့်ပတ်သက်၍ သဘောထားပျော့ပြောင်းမှုများစတင်ပြသလာရုံသာမက သတင်း မီဒီယာများ အပေါ် တင်းကြပ်စွာထိန်းချုပ်ထားမှုကိုလည်း ဖြေလျှော့ပေးလာခဲ့သည်ကိုတွေ့ရသည်။ BBC၊ VOA ကဲ့သို့သော ယခင်က ပိတ်ပင်ထား သည့် သတင်းဝက်ဘ်ဆိုက်များကိုလည်း ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။