26 August 2011

ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ဥပေက္ခာပြုသွားမည် မဟုတ်ဟု ဦးဌေးဦးက မစ္စတာကွင်တားနားအား ပြောဆိုခဲ့

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် နိုင်ငံတည်ဆောက်မှုတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ဥပေက္ခာပြုသွားမည် မဟုတ်ပဲ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သွားမည်ဟု အဆိုပါပါတီ အထွေထွေအတွင်းရေးမှုး ဦးဌေးဦးက ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ မြန်မာ့လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမက်အိုဟေး ကွင်တားနားနှင့်တွေ့ဆုံမှုတွင် ပြောကြားခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၃ ရက်က နေပြည်တော် လွှတ်တော်အဆောက်အအုံ ဧည့်ခန်းမဆောင်တွင် မစ္စတာကွင်တားနားနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ တွေ့ဆုံစဉ် ဦးဌေးဦးက မစ္စတာ ကွင်တားနားကို ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဗိုလ်ချုပ်ရဲ့သမီး၊ လွတ်လပ်ရေးဖခင်ရဲ့ သမီးကို ဘယ်တော့မှ ပြစ်ပါယ်မှုမရှိဘူး၊ပူးပေါင်းဆောင်ရွက်ဖို့ အတွက် ပြစ်ပြစ် ခါခါလုပ်ဖို့ မရှိဘူးဆိုပြီး ဦးဌေးဦးက မစ္စတာကွင်တားနား မေးတာကို ဖြေသွားပါတယ်”ဟု အဆိုပါတွေ့ ဆုံပွဲ တက်ရောက်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဌ ဦးစိုင်းဆောင်ဆီက ပြောသည်။

လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကွင်တားနားသည် မြန်မာနိုင်ငံအရေးနှင့် ပတ် သတ် ပြီး ဒေါ်အောင်ဆန်းစုကြည် အခန်းကဏ္ဍကို စိတ်ဝင်တစားရှိနေသည်ဟုလည်း ဦးစိုင်ဆောင် ဆီက ပြောသည်။

“ဦးဌေးဦးနဲ့ ဦးသိန်းဇော်ကို သူကမေးတာဗျ။တိုင်းပြည်တွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ဘယ်လိုသဘောထားသလဲ ဆိုပြီး” ဟု ဦးစိုင်ဆောင်ဆီက ပြောသည်။

အမျိုးသားနိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ်အသိအမှတ်ပြုခံထားရသူ ဒေါ်အောင်ဆန်းစုကြည်သည် နောက်ဆုံး အကြိမ် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်အစိုးရသစ်နှင့် ထိတွေ့ဆက်ဆံမှု အဖြစ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် (ယခင်ဆက် ဆံရေးဝန်ကြီးဖြစ်ခဲ့ သူ) နှင့် နှစ်ကြိမ်တွေ့ ဆုံခဲ့သကဲ့သို့ အစိုးရသစ်အဖွဲ့အကြီးအကဲ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်လည်း ပြီးခဲ့သည့် အပတ်က နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မတူကွဲပြားသော သဘောထားအမြင် များ ဘေးဖယ် ထားပြီး နိုင်ငံနှင့် ပြည်သူလူထုအတွက် အမှန်တစ်ကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများတွင် ပူးပေါင်းဆောင် ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် ကြံ့ခိုင်ရေးပါတီကလည်း အထက်ပါ အတိုင်း ဒေါ်အောင်ဆန်းစုကြည် အပေါ် ပါတီသဘောထားကို ပြောကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

`ပြောတဲ့ အတိုင်း အမှန်တကယ်လုပ်တယ်ဆိုရင်တော့ ပြောစရာမရှိဘူးပေါ့၊ ပြောသာပြောပြီး မလုပ်ခဲ့ရင်တော့ ပြည်သူလူထုရဲ့ ယုံကြည်မှု နဲ့ ပိုပြီးဝေးဝေး သွားနိုင် တယ်ဆိုတာ နိုင်ငံရေး ပါတီကြီးတခုအနေနဲ့ သတိပြုသင့်တယ်`ဟု ရန်ကုန်မြို့မှ ဗဟိုတရားရုံးရှေ့နေ ဦးသန်းထွန်းက သုံးသပ် ပြောဆိုခဲ့သည်။


သတင်း....နေလင်း(မြစ်မခ)