22 August 2011

ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် လုပ်ငန်းရှင်များကို ကျပ်သိန်းသုံးဆယ်ကောက်ခံ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်တွင် ဆင်းရဲမွဲတေမှုလျော့ချရေးအတွက် အသေးစားငွေချေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ရန် စက်မှုဇုန် လုပ်ငန်းရှင်များအား တစ်ဦးလျှင် ကျပ်သိန်းသုံးဆယ် ကောက်ခံနေကြောင်း သတင်းရရှိသည်။

ကားအပိုပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးက "စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီက အစည်းအဝေးခေါ်ပြီး လုပ်ငန်းရှင်တစ်ဦးကို သိန်း သုံးဆယ် အတင်းထည့်ခိုင်းတာပါ"ဟု ရန်ကုန်ခရော်နီကယ်အား ပြောကြားသည်။

စီးပွားရေး လုပ်ငန်းရှင်တစ်ဦးလျှင် ငွေကျပ် သိန်းသုံးဆယ် မထည့်မနေရ ကောက်ခံခြင်းဖြစ်ကာ ယင်းငွေကြေးများကို မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးက ကိုင်တွယ်ပြီး တောင်ဒဂုံမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသူများအား ဝိုင်းကြီးချုပ်စနစ်ဖြင့် ငွေချေးရန် စီမံဆောင်ရွက်ထားကြောင်း သိရသည်။

တောင်ဒဂုံ စက်မှုဇုန်ရှိ စီးပွားရေးလုပ်ငန်းအချို့သည် လုပ်သားစရိတ် ကြီးမားလာခြင်း ကုန်ကြမ်းများ ဈေးမြင့်လာခြင်းစသည့် ကိစ္စရပ်များ ကြောင့် ၂၀၁၁ နှစ်ဆန်းပိုင်းမှစတင်ကာ စီးပွားရေး ကျဆင်းလာကြောင်း၊ ယင်းကြောင့် ငွေကျပ် သိန်းသုံးဆယ်ကို ထည့်ဝင်ရန် အဆင်မပြေသည့် လုပ်ငန်း ရှင်များ ရှိကြောင်း သစ်ခွဲသားစက်ရုံ ပိုင်ရှင်တစ်ဦးက ဆိုသည်။

အဆိုပါကိစ္စရပ်နှင့် ပက်သက်၍ တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ "ဆင်းရဲနွမ်းပါးမှု လျော့ချရေး ကိစ္စရပ်မှာ ပါဝင်ဖို့ကို မြို့နယ်အဆင့် တာဝန်ရှိသူတွေက စီးပွားရေး လုပ်ငန်းရှင်တွေကို အကူအညီ တောင်းရတာပါ။ ဒီကိစ္စကလည်း တိုင်းဒေသကြီး အစိုးရက လုပ်ခိုင်းလို့ လုပ်ရတာပါ။ ဘယ်သူကို ငွေချေးရမယ်ဆိုတာတော့ စာရင်း မထွက်သေးပါဘူး"ဟု ဆိုသည်။

သြဂုတ်လ ပထမ ရက်သတ္တပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တိုင်းဒေသကြီးအတွင်းရှိ မိသားစုများ၏ နေ့စဉ်ဝင်ငွေကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှတဆင့် စာရင်းကောက်ယူခဲ့ပြီး၊ ယင်းစာရင်းများအရ အိမ်ထောင်စုတစ်စု ရရှိသင့်သော နေ့စဉ်ဝင်ငွေ မရရှိသည့် မိသားစုများကို အဓိကထားကာ ချေးငွေပေးမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ ဦးခင်မောင်ထွန်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ စက်မှုဇုန်စာရင်းတွင် ပါဝင်သော တောင်ဒဂုံစက်မှုဇုန်တွင် ဇုန်နယ်မြေ ၃ ခုပါရှိကာ စက်ရုံ၊ အလုပ်ရုံ ပေါင်း ၃၅၀ ကျော်ရှိကြောင်း သိရှိရသည်။

ဇွန်လကလည်း ဆင်းရဲမွဲတေမှုလျော့ချရေးအတွက် ပူးပေါင်းကူညီရန်ဟုဆိုကာ မုံရွာစက်မှုဇုန်ရှိ စီးပွားရေး လုပ်ငန်းရှင်များအား ငွေကျပ် နှစ်သိန်း အတင်းအဓမ္မထည့်ခိုင်းသည့် ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့သည်။

သတင်း... YC(KS)