23 August 2011

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဓိကအကျဆုံးမှာ နိုင်ငံရေးအကျဉ်းသားကိစ္စသာဖြစ်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ အကြီးအကဲတို့ တွေ့ဆုံပြီးနောက်တွင် အမျိုးသား ပြန်လည် သင့်မြတ် ရေးအတွက် အဓိကအကျဆုံးဖြစ်သော နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကို များစွာ မျှော်မှန်းနိုင်ကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (ဗမာ)မှ ခေါင်းဆောင်တစ်ဦးက ဆိုသည်။

“ပြည်ပကလူတွေ ပြန်လာဖို့ကို ပြောနေတာထက် အကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အရင် လွှတ်ပေးလိုက်ရင် ကောင်းမယ်”ဟု ဆက်လက်ပြောဆိုသည်။

နိုင်ငံရေးအကျဉ်းသားများသည် နိုင်ငံချစ်စိတ်ဖြင့် နိုင်ငံ့အကျိုးကို တတ်နိုင်သည့်လမ်းမှ အကျိုးဆောင်ခဲ့ခြင်း ဖြစ်သည့်အတွက် ယင်းသို့သော နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးမှသာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မျှော်လင့်ချက်ရှိလာမှာ ဖြစ်ကြောင်း ယင်းက ဆက်လက် ဆိုသည်။

မတ်လ ၃၀ ရက်နေ့ အစိုးရသစ်တက်လာပြီးတွင် တစ်နိုင်ငံလုံးရှိ အကျဉ်းသားများအား ထောင်ဒဏ်တစ်နှစ် လျော့ပေါ့ပေးခြင်းနှင့် သေဒဏ် ကျခံနေရသူများအား တစ်သက်တစ်ကျွန်းအဖြစ် လျော့ပေါ့ပေးလိုက်သော်လည်း နိုင်ငံရေးပြစ်မှုများဖြင့် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသော နိုင်ငံရေး အကျဉ်းသားများအတွက် သိသာသာ အကျိုးမရခဲ့ကြောင်း အတိုက်ခံနိုင်ငံရေးအင်အားစုများက တညီတညွှတ် ပြောဆိုလိုက်သည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအား ပြည်ပရောက် မြန်မာအတိုက်အခံများမှ အမြဲတစေ ပြောဆိုလာသော်လည်း အကျိုး သက်ရောက်မှု မရှိခဲ့ကြောင်း၊ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင်တို့ တွေ့ဆုံရာတွင် ယင်းကိစ္စအား ထည့်သွင်းပြောဆိုချိန်တွင်သာ အကျိုးသက်ရောက်မှု ရှိမည်ဟု မျှော်မှန်းလာနိုင်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“ဒီကိစ္စက အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အခြေခံအကျဆုံးပဲ၊ ဒီကိစ္စသာ အဆင်ပြေရင် ငြိမ်းချမ်းရေး ကိစ္စတွေ၊ ပြည်ပရောက် မြန်မာ နိုင်ငံသား တွေ ပြန်လာဖို့ကိစ္စရပ်တွေ ဆက်တိုက် အဆင်ပြေလာနိုင်တယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံအနှံ့အပြားရှိ အကျဉ်းထောင်အနှံ့တွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၀၀ ကျော်ရှိပြီး ယင်းနိုင်ငံရေး အကျဉ်းသားများမှာ ယခင် အစိုးရလက်ထက်တွင် ကျန်းမာရေးနှင့်စားဝတ်နေရေး မပြည့်စုံမှုဒဏ်ကို များစွာ ခံစားရကြောင်း သိရှိရသည်။

သတင်း...YC(KS)