26 August 2011

ပြည်တွင်းသတင်းဂျာနယ်နှစ်စောင် နောက်ဆက်တွဲတင်ခွင့်ပိတ်

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ခင်မောင်သန်းသမီး ဒေါ်မမပိုင် Hot News Journal နှင့် ရွှေသံလွင် ဦးကျော်ဝင်း၏ ထောက်ပံ့မှုဖြင့် ရပ်တည် နေသော Envoy Journal တို့သည် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်သဖြင့် နောက်ဆက်တွဲစာမူ တင်သွင်းခွင့်ကို ပိတ်ပင် လိုက်ကြောင်း သိရသည်။

စာပေစိစစ်ရေး၏ စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူခြင်း ဖြစ်ကြောင်း စာပေစိစစ်ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သြဂုတ်လ ၁၅ ရက်ထုတ် Hot News Journal အတွဲ(၂)၊ အမှတ်(၅၃)နှင့် သြဂုတ်လ ၁၈ ရက်ထုတ် Envoy Journal အတွဲ(၂)၊ အမှတ်(၁၇) တို့သည် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ စည်းကမ်းများကို ဖောက်ဖျက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒီဂျာနယ်နှစ်စောင်ကို နောက်ဆက်တွဲစာမှုတင်ခွင့် ပိတ်တဲ့ကိစ္စကို ဂျာနယ်တိုင်းကို ထုတ်ပြန် ချက်တစ်စောင်စီ ပေးထားပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ယင်း ထုတ်ပြန်ချက်တွင် စည်းကမ်းချိုးဖောက်မှုများသည် စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနမှ အဆင့် ဆင့် ပြောင်းလဲကျင့်သုံးလာသည့် စာပေစိစစ် ရေးမူများကို လိုက်နာလျက်ရှိသော စာစောင်များအတွက် မျှတမှု မရှိသည့်အတွက် ဤကဲ့သို့ အရေးယူခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

Envoy Journal မှ သတင်းထောက်တစ်ဦးက “အန်တီစု ခရီးစဉ်သတင်း ဖော်ပြတဲ့နေရာမှာ ဓာတ်ပုံတစ်ပုံပဲ ခွင့်ပြုတာကို ကျွန်မတို့က သုံးပုံ တင်လိုက်တယ်လေ။ အဲဒီကိစ္စကြောင့် ကျွန်မတို့ အရေးယူခံရတာ”ဟု ဆိုသည်။

နောက်ဆက်တွဲစာမူ တင်ခွင့်အား သြဂုတ်လ ၁၈ ရက်မှစ၍ ပိတ်ပင်လိုက်ကာ၊ မည်သည့် အချိန်တွင် ပြန်လည်ခွင့်ပြုမည်ကို မသိရှိသေးကြောင်း ကာယကံရှင်ဂျာနယ်များမှ တာဝန်ရှိသူများက တစ်ညီတစ်ညွတ်တည်း ဆိုသည်။

အစိုးရသစ် တက်ပြီးကာလတွင် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ သတင်းဂျာနယ်နှင့် အခြားဂျာနယ်များအား ကဏ္ဍအလိုက် အုပ်စုများခွဲကာ စည်းကြပ်ခဲ့ပြီး အချို့ဂျာနယ်များကို ကာလအနည်းငယ် ပိတ်ပင်ခဲ့သည့် ဖြစ်ရပ်များ ရှိကြောင်း သိရသည်။

သတင်း.....YC(KS)