23 August 2011

အကောက်ခွန် ရှင်းလင်းရေးကိုယ်စားလှယ်များ အခက်ကြုံ

အကောက်ခွန် ဦးစီးဌာန၏ တင်းကျပ်သော အရေးယူမှုများကြောင့် အကောက်ခွန် ရှင်းလင်းရေး ကိုယ်စားလှယ်များ လုပ်ငန်း ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လက အေးရှားဝေါလ်ပိုင် အလုံမြို့နယ်ရှိ မြန်မာ့စက်မှု ဆိပ်ကမ်းတွင် သတင်းအရ ရှာဖွေဖမ်းဆီးခံရသည့် တရားမဝင် ကား တင်သွင်းမှုတွင် တင်သွင်းလာသည့် ကုမ္ပဏီအား သိသာစွာ အရေးယူခြင်း မရှိဘဲ ACE အမည်ရှိ အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ်ကိုသာ ရာသက်ပန် ပိတ်ပင်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါကိစ္စရပ်နှင့်ပက်သက်၍ ACE အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ် ကိုအေးဝင်းက "ကွန်တိန်နာမှာ ဘယ်ပစ္စည်းပါတယ် ဆိုတာကို ကျွန်တော်တို့မသိဘူး။ သိတာက ကုမ္ပဏီ၊ အရေးယူခံရတော့ ကျွန်တော်တို့ ဖြစ်နေတယ်" ဟု ဆိုသည်။

ယင်းသို့ အရေးယူခံရခြင်းမှာ နှစ်ကာလကြာမြင့်လာပြီ ဖြစ်ကြောင်း၊ ဖြစ်သည့် အခါတွင်လည်း အကောက်ခွန် ရှင်းလင်းရေး ကိုယ်စားလှယ် များသာ ပြစ်ဒဏ်ကို ကြီးလေးစွာ ခံစားရကြောင်း အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ် ဦးဇော်ဦးက ဆိုသည်။

"တစ်ခါဖြစ်ရင် တစ်လပိတ်လိုက်၊ တစ်နှစ်ပိတ်လိုက်၊ ရာသက်ပန် ပိတ်လိုက်ဖြစ်နေတာများပြီ တာဝန်အရှိဆုံးဖြစ်တဲ့ ကုမ္ပဏီကိုတော့ သွင်းလာတဲ့ ပစ္စည်းတွေကို ဒဏ်ဆောင်ပြီး၊ သွင်းခိုင်းတယ်၊ ဒါမမျှတမှုပဲ"ဟု ဆက်လက်ပြောကြားသည်။

သွင်းကုန်များ တင်သွင်းခြင်းနှင့် ပတ်သက်၍ ဖြည့်စွက်ရသည့် ပုံစံတွင် အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ်၊ တင်သွင်းသည့် ကုမ္ပဏီနှင့် တာဝန်ရှိသူ အကောက်ခွန် အရာရှိတို့မှ မှန်ကန်ကြောင်း လက်မှတ်ရေးထိုး ရသော်လည်း ပြဿနာ ပေါ်လာသည့်အခါတွင် အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ်ကိုသာ ပြစ်ဒဏ်ချမှတ်သည့် စနစ်ကို သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြန်လည်သုံးသပ်စေလိုကြောင်း အကောက်ခွန် ရှင်းလင်းရေး ကိုယ်စားလှယ် အများစုက တစ်ညီတစ်ညွတ်တည်း ဆိုသည်။

ဗိုလ်တထောင်ဆိပ်ကမ်းမှ အကောက်ခွန် အရာရှိတစ်ဦးက"ဒီလိုအရေးယူတာတော့ ရုံးချုပ်က ကိုင်တွယ်တာ၊ တစ်ချို့ အကောက်ခွန် ရှင်းလင်းရေး ကိုယ်စားလှယ်တွေက ပုံစံမှာရေးထားတဲ့ပစ္စည်းနဲ့ ပါတဲ့ပစ္စည်းမတူတာ သိပေမယ့်လည်း ဒီရောက်မှ ရှင်းမယ်ဆိုတဲ့ လုပ်ပုံတွေလည်း ရှိတော့ ပြင်းပြင်း ထန်ထန် အရေးယူရတာပါ"ဟု အကောက်ခွန် ရှင်းလင်းရေးကိုယ်စားလှယ်များအား အရေးယူသည့် ကိစ္စရပ်နှင့်ပတ်သက်၍ ဆိုသည်။

"ဒီလို တစ်ဖက်စောင်းနင်းကြီး ဖြစ်နေတာကြာပြီ။ အကောက်ခွန် ဦးစီးကထုတ်ပြန်တဲ့ ရုံးအမိန့်စာလုပ်သမျှ ခံနေရတယ်"ဟု အကောက်ခွန် ရှင်းလင်းရေး ကိုယ်စားလှယ် ကိုအေးဝင်းက ပြောသည်။

အကောက်ခွန် ရှင်းလင်းရေးကိုယ်စားလှယ်များနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ မရှိသောကြောင့် ညွှန်ကြားရေးမှူးချုပ်မှ ထုတ်ပြန်သော အမိန့်စာများသည် ဥပဒေတစ်ရပ်ကဲ့သို့ အသက်ဝင်နေခြင်း ဖြစ်ကြောင်း တရားရုံးချုပ် ရှေ့နေတစ်ဦးက သုံးသပ်ပြောကြားသည်။

ယခုအခါ သွင်းကုန်၊ ထုတ်ကုန်များနှင့်ပက်သက်၍ လုပ်ကိုင်ဆောင်ရွက်နေသော အကောက်ခွန်ရှင်းလင်းရေး ကုမ္ပဏီပေါင်း ၃၀၀ ကျော်ရှိကာ၊ ယင်း ကုမ္ပဏီတစ်ခုလျှင် အဝါကဒ်ကိုင်ဆောင်သူ သုံးဦး၊ ပန်းရောင်ကဒ်ကိုင်ဆောင်သူ ကိုးဦး အနည်းဆုံးရှိကြောင်း သိရသည်။

သတင်း...YC(KS)