25 August 2011

အစိုးရသစ်နှင့် မီဒီယာလွတ်လပ်ခွင့်

အစိုးရသစ် စတင်တာဝန်ယူယူခြင်း နိုင်ငံတော် သမ္မတဦးသိန်းစိန် တိုင်းပြည်သို့ ပြောကြားသည့် မိန့်ခွန်းတွင် မီဒီယာလွတ်လပ်ခွင့် ဟူသော စတုတ္ထမဏ္ဍိုင် အကြောင်းကို ထည့်သွင်းပြောကြားသွားခဲ့သည်ကို တွေ့ရပြီး အစိုးရသစ်မဖွဲ့စည်းမှီ ရွေးကောက်ပွဲ အကြိုကာလကပင် သတင်း လွတ်လပ်ခွင့်နှင့် ပတ်သက်သည့် ဖြေလျော့မှုအချို့ကို လည်းတွေ့ခဲ့ရပြီးဖြစ်သည်။

ထို့ကြောင့် အစိုးရသစ်လက်ထက်တွင် မီဒီယာလွတ်လပ်မှု ပိုမိုရရှိလာမည်ဟု မျှော်လင့်ခဲ့ကြပြီး အမှန်တကယ်လည်း မီဒီယာ လွတ်လပ်ခွင့်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်များနှင့် လုံးဝကွဲပြားစွာရရှိခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။ သို့ရာတွင် လွတ်လပ်စွာရေးသား ဖော်ထုတ်ခွင့်ဟူသော သစ်သီးကို အာသာငမ်းငမ်းတပ်မက်လာခဲ့သည့် မြန်မာ့မီဒီယာလောကသည် အစိုးရမှ ဖြေလျော့ တန်သမျှ ဖြေလျော့နေ သည့်တိုင် အာသာ မပြေနိုင် သေးဟုဆိုရ မည်ဖြစ်ပြီး ထိုအချက်ကို အပြစ်မတင်သင့်ပါ။ အဘယ့်ကြောင့်ဆိုသော် မြန်မာပြည်သူလူထုအတွင်း၌ နှစ်ပေါင်းများစွာ ပြန်လှန်မပြောဝံ့ဘဲ ကြိတ်မှိတ်ခံစားခဲ့ရသော ဒုက္ခများ၊ ဝေဒနာများအတွက် ရင်ဖွင့် စရာများ၊ ဟစ်ကြွေးစရာများ မှာ ပြော၍မကုန်နိုင်အောင်ပင် ရှိနေကြရာ လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်ဟူသော မျှော်လင့် ချက် ရောင်ခြည်လေးသန်းလာချိန်တွင် မျိုသိပ်ထားရသမျှ စိတ်လွတ်ကိုယ်လွတ် အားပါးတရ ရင်ဖွင့်လိုကြ၊ ဒီမိုကရေစီ အစိုးရဆိုသူ အား တိုင်တည်လိုကြသည်။

ဤတွင် ပြည်သူ့အသံကို ကိုယ်စားပြုရသည့် မီဒီယာသည် ပြည်သူတို့၏ ထောင်သောင်းချီသော အသံပေါင်းစုံကို အားကြိုးမာန်တက်ရေးသားတင်ပြ လိုသည်မှာ အပြစ်တင်ရမည့် ကိစ္စမဟုတ်တော့ပေ။ သို့ရာတွင် ဒီမိုကရေစီရပြီ ဟုဆိုတိုင်း၊ အရပ်သားအစိုးရတက်လာပြီဆိုတိုင်း မိမိတို့သည် အမှန်တရားကို ထုတ်ဖော်ခြင်းဖြစ်၍ ရေးချင်ရာရေး၍ ရပြီဟု မယူဆအပ်ပေ။ ဤသည်မှာ အစိုးရကို ဖော်လံဖား လုပ်ခြင်းမဟုတ်၊ မရှိတာထက် မသိတာခက်ဆိုသကဲ့သို့ပင် မိမိတိုင်းပြည်၏ အခြေအနေကို သဘောပေါက် နားလည်သင့်သည့် အခြေအနေလည်းဖြစ်သည်။

တိုင်းပြည်ကား စစ်အစိုးရမှ ပုဂ္ဂိုလ်များ ၊ တနည်းအားဖြင့် မီဒီယာလွတ်လပ်ခွင့်ကို နားခါးခဲ့ကြသူများ၏ ဦးဆောင်မှုဖြင့် ဒီမိုကရေစီစနစ်ကို စတင်ကူးပြောင်းခဲ့ရခြင်းဖြစ်သည့်အားလျော်စွာ ထိုပုဂ္ဂိုလ်ကြီးများ အနေဖြင့်လည်း ရင်တထိတ်ထိတ်ဖြင့် ခွင့်ပြု ခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် စစ်သားဘဝမှ သမ္မတဘဝသို့ ကူးပြောင်းခဲ့သည့် အနှီပုဂ္ဂိုလ်ကြီးများကို ဒီမိုကရေစီ ဒေါင်ဒေါင်မြည် နိုင်ငံကြီးများမှ သမ္မတကြီးများ၊ အစိုးရဝန်ကြီးများကို ဝေဖန်သကဲ့သို့ပြောင်ပြောင်တင်းတင်းဝေဖန်နိုင်သည့် အခြေအနေကို မမျှော်လင့်သင့်သေးသည့် အခြေအနေလည်း ဖြစ်သည်။

ယခင်က မည်သူ့ကိုမျှ မဝေဖန်ရဟူသော နေရာတွင် မင်းတုန်းမင်းကြီး၏ “ နန်းတွင်းအရာရှိများမကောင်းလျှင် ယင်းတို့ကိုရေး၊ ငါမကောင်းလျှင်၊ ငါ့ကိုရေး၊ မိဖုးရားမကောင်းလျှင် မိဖုရားကိုရေး” ဟူသကဲ့သို့ သတင်းလွတ်လပ်ခွင့်မျိုး မရသေးသည့်တိုင် အစိုးရသစ်အနေဖြင့် “ နိုင်ငံတော်ဝန်ထမ်းများမကောင်းလျှင် ယဉ်ယဉ်ကျေးကျေး နှင့် သက်သက်ညှာညှာ သက်သေသက္ကာယ ခိုင်လုံစွာရေး၊ ငါတို့မကောင်းလျှင် မရေးနှင့်ဦး တိုးတိုးတိတ်တိတ် လာပြော၊ နောက်တော့ပြင်ပါ့မယ် ” ဆိုသည့် အခြေအနေတစ်ရပ်ကိုတော့ လက်ခံသည့် အခြေအနေတော့ ရှိလာသည်ဟုဆိုရမည်။ မည်သို့ပင်ဆိုစေကာမူ သတင်းမီဒီယာအနေဖြင့် အစိုးရနှင့် အစိုးရအဖွဲ့၏ မူဝါဒများအပေါ် လွတ်လပ်စွာ ဝေဖန်ခွင့်ရှိပါသည်။ သို့ရာတွင် ငါ့စကား ငါ့နွားရရ ပြောဆိုခြင်းထက် အကျိုးအကြောင်းခိုင်လုံစွာ ရေးသားတင်ပြနိုင်လျှင် ပိုကောင်းသည်။ ဒီမိုကရေစီ ဆိုသည်မှာ အစိုးရကို ဆဲဆိုခွင့်၊ ရိုင်းပျစွာရေးသားခွင့်မဟုတ်သည်ကို သတိချပ်ရာသည်။

သမ္မတဦးသိန်းစိန် အစိုးရ၏ မူဝါဒများကို ဝေဖန်ရာတွင် အမေရိကန်သမ္မတ အိုဘားမား၏ အစိုးရအဖွဲ့နှင့် ခိုင်းနှိုင်း ဝေဖန်လျှင် မတရားရာ ကျမည်။ အိုဘားမားနှင့် အမေရိကန်မီဒီယာ တနည်းအားဖြင့် ယင်းအစိုးရနှင့် ယင်းနိုင်ငံ၏ မီဒီယာတို့ကား ဒီမိုကရေစီစနစ်ကို နှစ်ပေါင်းသုံးရာကျော်ဖြတ်သန်းခဲ့ရသော လူ့အဖွဲ့အစည်းကြီးတွင် ကျင်လည်ခဲ့ရခြင်းဖြစ်ရာ အစိုးရမှ မီဒီယာ၏ ဝေဖန်မှုကို လက်ခံနိုင်စွမ်းရှိမှုနှင့် မီဒီယာ၏ မျှတသော ဝေဖန်မှုဟူတည်း ဟူသော အပေးအယူနှစ်ခုမှာ ညီညွတ်မျှတ နေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် မြန်မာ့မီဒီယာလောကသည် ဒီမိုကရေစီ ဒေါင်ဒေါင်မြည်နိုင်ငံကြီးများကဲ့သို့ လွတ်လပ်စွာ မရေသေး ပါဟုဆိုလျှင် မြန်မာ့ဒီမိုကရေစီစနစ်သည် လသားမျှပင် ရှိသေးသည့် အချက်ကိုလည်း ထည့်သွင်းစဉ်းစားရာသည်။ မြန်မာ့ မီဒီယာလွတ် လပ်ခွင့်ကား အခြားဒီမိုကရေစီ နိုင်ငံများနှင့်ယှဉ်လျှက် ကကြီးကခွေးသာ ရှိသေးသည်ဟု ဆိုငြားအံ့၊ မြန်မာ့ဒီမိုကရေစီ သည်လည်း စလုံးရေ စပင်ရှိပါသေးသည်ဟု ဆိုရမည်သာ။

နိုင်ငံတွင် အဆင်သင့် မဖြစ်သေးသည့် မူဝါဒတစ်ရပ်ကို ဝေဖန်နေလျှင် ရေးသားထောက်ပြနေလျှင် အစိုးရအတွက် အခက်အခဲဖြစ်ပေမည်။ ယခုအချိန်သည် တိုင်းပြည်ကို ပြန်လည် တည်ဆောက်နေရသေးချိန်ဖြစ်ရာ အစိုးရကို ထိန်းကျောင်းတည့်မတ်ဖို့ထက် လမ်းလျှောက်သင်ကာစ အစိုးရကို ကူညီဖေးမသည့် အရေးအသားမျိုးဖြစ်သင့်သည်။ အဂတိလိုက်စားမှု မကောင်း ဆိုသည်မှာ လူတိုင်းသိသော အရာတစ်ခုဖြစ်သည်။

ထိုကိစ္စကို အထောက်အထားနှင့်တကွ တိုင်ကြားလျှင် အရေးယူပါမည်ဟု လည်းအစိုးရ က ကြေညာထားပြီးဖြစ်သည်။ ထိုကဲ့သို့ အဂတိ လိုက်စားမှု အကြောင်းသာ ရေးသားရလျှင် မြန်မာပြည်တွင် ထုတ်သည့် ဂျာနယ်အားလုံး၏ စာမျက်နှာအားလုံးတွင် တစ်နှစ်လောက် နေရာယူသွားဖွယ်ရှိသည်။ အမှန်တရားကို ရေးသား ခြင်းဖြစ်သော်လည်း အဂတိလိုက်စားမှုဖြင့် အစိုးရက အရေးယူလျှင် တစ်တိုင်းပြည်လုံးရှိ ဝန်ထမ်းမှန်သမျှ ထုတ်ပယ်ရန်သာ ရှိတော့သည်။ ထိုသို့ထုတ်ပယ်ခဲ့လျှင် ဗျူရိုကရေစီ ယန္တရား ပြိုသွားမည်၊ သာမန်လဘက်ရည်ဖိုးဖြင့် ပြီးနိုင်သည့် ရုံးလုပ်ငန်းတစ်ခု သည် လေး ငါးရက်ခန့်ကြာ သွားသည့် ကြိုးနီစနစ် မျိုးပြန်ဖြစ်သွားနိုင်သည်။

ထို့ကြောင့် မီဒီယာအနေဖြင့် ထောက်ပြပြောဆိုသင့် သည်မှာ ဝန်ထမ်းများ အဂတိလိုက်စားခြင်း၏ အဓိက အကြောင်းအရင်းဖြစ်သည့် လစာငွေမလုံလောက်မှု၊ ပြည်သူ့အုပ်ချုပ်ရေး ပညာရပ်များ ခေတ်နှင့်လျော်ညီစွာမရှိမှု စသည်တို့ကို ထောက်ပြပြောဆို၍ လစာငွေမြှင့်တင်ပေးရေး၊ အစိုးရဝန်ထမ်းများ အရည်အသွေးတိုး တက်မြင့်မားရေး၊ ကြိုးနီစနစ်တွင် မလိုလားအပ်သည့် ဥပဒေများ လျော့ချရေးနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ် များကို ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲရေးများကို ရေးသား အကြံပြုရမည်။ ထိုသို့ တစ်ဖက်ကလည်း အဂတိ လိုက်စားမှု လျော့ချနိုင်ရန် အကြံပြုရေးသားသလို အစိုးရမှ အဂတိလိုက်စားသည့် ဝန်ထမ်းကို အရေးယူသည့် သတင်းများကို အသိအမှတ် ပြုဖော်ပြသင့်သည်။

အဂတိ လိုက်စားမှုကို မီဒီယာလွတ်လပ်ခွင့် ဟူသော အယူအဆစွဲကိုင်၍ ရေးကောင်းတိုင်းရေးနေလျှင် တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများ မနည်းမနော အလုပ်ပြုတ်သည့် သတင်းများသည် ဂုဏ်ယူစရာမဟုတ်၊ စာစောင်ရောင်းအားတက် သော်လည်း တစ်နိုင်ငံလုံး သူခိုးချည်းဟူ၍ နိုင်ငံ၏ ဂုဏ်သိက္ခာ ကျဆင်းဖွယ်ရာသာ ဖြစ်ပေလိမ့်မည်။

သြဂုတ်လ ၂၂ရက်နေ့က ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မီဒီယာများ၏ ဝေဖန်အကြံပြုမှုကို ခံယူသွားမည်ဟု ကတိပေးခဲ့သည်။ ပြုပြင်ပြောင်းလဲမှုကို လိုလားသည့် သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌလည်း ရှိနေချိန်တွင် ပြည်ပန်းညို ချိုပါလျှက် ဆားကဖျက်ဟူသော ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကဲ့သို့ ပုဂ္ဂိုလ်မျိုးလည်းရှိနေသေးသည်ကို သတိပြုရဦး မည်။ အနှီပုဂ္ဂိုလ်ကြီးကြား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၏ မိန့်ခွန်းကိုပင် ကန့်သတ်ဆင်ဆာဖြတ်နိုင်သည့် အခွင့်အာဏာရှိပြန်ရာ သတင်းသမားတို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရသည့်အချက်မှာ ဝမ်းနည်းစရာတော့ မဟုတ်ပေ။

မီဒီယာကို မီဒီယာနှင့် ပြန်တိုက်ရမည်ဟု ကြွေးကြော် ထားသည့် ဦးကျော်ဆန်း၏ အစိုးရသစ်လက်ထက် သတင်းစာရှင်းလင်းပွဲများကို အသေအချာ လေ့လာကြည့်ပါက ယခင် အစိုးရဟောင်းလက် ထက်နှင့် ထူးမခြားနားဖြစ်သည်ကို သတိပြုမိပေလိမ့်မည်။ သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌတို့ ယခင်အစိုးရဟောင်း မှ လေသံများကို စွန့်လွှတ်၍ အပြုသဘောဆောင်သည့် မိန့်ခွန်းများ ပြောဆို လာကြချိန်တွင် ပြန်ကြားရေးဝန်ကြီးမှာ အပြောင်းအလဲမရှိဟု ဆိုရမည်ဖြစ်ပြီး ထိုသို့ အပြောင်း အလဲမရှိခြင်းမှာလည်း တမင်တကာပင် လုပ်ယူထားခြင်းဖြစ်သည်ကို သတိပြုရမည်။ ဦးကျော်ဆန်းကား အပြောင်းအလဲ ပြုလုပ်လိုသူမဟုတ်။

ပြည်သူ၏ အမြင်တွင် အစိုးရသစ်မှာ အပြောင်းအလဲမရှိ၊ ယခင်စစ်ဗိုလ်ချုပ်ဟောင်းများသား ဆက်လက်အုပ်ချုပ်မည်၊ စစ်အစိုးရနှင့် ဘာမှ မထူးဟူသော မက်ဆေ့ကို တမင်တကာပေးနေသည်။ အကြောင်းမှာ ဒီမိုကရေစီ ပန်းတိုင်သို့ ချီတက်နေကြသူများကို လက်လျော့အားပျက် သွားစေရန်ဖြစ်သည်။ အပြောင်းအလဲမရှိဟု ယူဆသူများပြားလေလေ ဒီမိုကရေစီ အခြေခံအုတ်မြစ် တည်ဆောက်နိုင်မှု အားပျော့လေဖြစ်ရာ ထိုသို့ ဒီမိုကရေစီ စံနှုန်းများ အားပျော့လာသည်နှင့်အမျှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အတွက် စံနှုန်းများတည်ဆောက်နိုင်မှုလည်း အားလျော့သွားပေလိမ့်မည်။ ထို့ကြောင့် မြန်မာ့မီဒီယာ အနေဖြင့် ပြန်ကြားရေးဝန်ကြီး၏ ပရိယာယ်အတွင်း မသက်ဆင်းမိရန်လိုအပ်ပြီး လက်ရှိ အခြေအနေကို စိတ်ပျက်အားလျော့ခြင်းမပြုဘဲ တိကျမှန်ကန်သော သတင်းများကို လိမ်မာပါးနပ်စွာ ထုတ်ပြန်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

နိဂုံးချုပ်ဆိုရပါမူ လက်ရှိအခြေအနေကား နိုင်ငံတော်မှာ ဒီမိုကရေစီ ဒေါင်ဒါင်မြည်မဖြစ်သေး။ ဒီမိုကရက်တစ် စံနှုန်းများတည်ဆောက်နေသေးချိန် ပင်ဖြစ်ရာ အခြားတိုင်းပြည်များနှင့် မနှိုင်းယှဉ်အပ်ပေ။ မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ရေးသားပိုင်ခွင့် ဟူသော ဆန္ဒကို အသာမြိုသိပ်၍ နိုင်ငံတည်ဆောက်ရေးအတွက် တစ်နည်းအားဖြင့် နိုင်ငံတည်ဆောက်ရေးအတွက် အစိုးရနှင့်သာမက ပဉ္စမမဏ္ဍိုင်ဖြစ်သော ပြည်သူလူထုကြီးနှင့် လက်တွဲဆောင်ရွက်နေသည့် စတုတ္ထမဏ္ဍိုင်အဖြစ် ခံယူထားရမည့် အခြေအနေပင်ဖြစ်သည်။

ဆောင်းပါး...Y C