24 August 2011

ဗိုလ်ချုပ်များ အတွေးအမြင်ပြောင်းလဲတော့မည်လော

(21 August 2011 ရက်စွဲပါ The Star online မှ “General in retreat?” ကို Y C မှဘာသာ ပြန်ဆိုသည်)

ယနေ့အခါတွင် မြန်မာ့နိုင်ငံရေးမှာ တဖြည်းဖြည်းချင်း ဖြစ်ပေါ်တိုးတက်လျက် ရှိသည်။ သို့သော်လည်း အဆိုပါ တိုးတက်မှုမှာ မည်မျှအထိ ရောက်နိုင်မည် ဆိုသည်ကို သံသယများရှိနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပြန်လည်ပေါင်းစည်းရေးမှာမူ အလှမ်းဝေးနေဆဲ ဖြစ်သည်။ သို့သော် ကြိုးစား အားထုတ်မှုများကိုမူ မြင်တွေ့ နေရသည်။ မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်လက်အောက်တွင် ဆယ်စုနှစ်များစွာ ဒုက္ခခံစားခဲ့ရပြီး ယခု တဖြည်းဖြည်းထင်ရှားလာသည့် အချက်မှာ အနာဂတ်သည် ပြင်ပကမ္ဘာနှင့် ဆက်သွယ်မှုကလည်း အဆုံးအဖြတ် ပြုသည် ဆိုသည့်အချက် ဖြစ်သည်။ အထီးကျန်ပြုထားရေး မူဝါဒသည် အရေးကြီး သော ကိစ္စတစ်ရပ် ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အနောက်နိုင်ငံ၏ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုသည် ထင်သလောက်မပေါက်ခဲ့ပေ။ မြန်မာနိုင်ငံ အစိုးရသစ်တွင် အငြိမ်းစားဗိုလ်ချုပ်များ လွှမ်းမိုးသည် ဆိုသော်လည်း ယခုအခါဖြစ်ပေါ်တိုးတက်မှု နှစ်ခုက အစိုးရသစ်က မည်သို့ပုံဖော်မည် ဆိုသည်ကို အရေးပါစွာ တွေ့ရသည်။

ပထမတစ်ခုမှာ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana မြန်မာနိုင်ငံသို့ ဩဂုတ်လ ၂၁ ရက်တွင် ရောက်ရှိမည့် ကိစ္စဖြစ်သည်။ ၄င်းသည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ် ၄င်း ရောက်မလာမီတွင် အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုအတွက် လက္ခဏာများ ဖြစ်ပေါ်နေသည်။

ယခု Quinatana ၏ ငါးရက်ကြာခရီးစဉ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးစီမံခန့်ခွဲမှု အသစ်အောက်တွင် လူ့အခွင့်အရေးအခြေအနေများကို အကဲခတ်မည်ဟု မျှော်လင့်ရသည်။ လာမည့် ကြာသာပတေးနေ့တွင် ၄င်းသည် သတိထား၍ ကြည့်ရမည့် အကောင်းမြင် သဘောထားနှင့် တိုးတက်မှု များကို ဆက်လက်စောင့်ကြည့်ရန် အကြောင်းပြချက်များ ပါရှိသည့် ကျေညာချက် ထုတ်ပြန်လိမ့်မည် ဖြစ်သည်။ ကုလသမဂ္ဂအေဂျင်စီများအပြင် အမေရိကန်၊ အီးယူတို့နှင့် ဆက်ဆံရေးလည်း ပါဝင်ပါသည်။ အမေရိကန်နှင့် အီးယူသည် မြန်မာနိုင်ငံကို စီးပွားရေးအရ တောင့်တင်းစွာ ရပ်တည်နိုင်ရေး တွင် အကူအညီပေးနိုင်သူများ ဖြစ်သည်။

အခြား အရေးကြီးသော အဖြစ်အပျက်တစ်ခုမှာ ဒေသတွင်းတွင် အာဆီယံနှင့် တိုက်ရိုက်ဆက် ဆံရေးပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ၂၀၁၄တွင် အာဆီယံဥက္ကဋ္ဌ နေရာယူရန် တောင်းဆိုထားသည်။ ၄င်းသည် ယခင် အလှည့်ကျစဉ်က မပြီးသေးသော ပြည်တွင်းရေးကြောင့်ဟု အကြောင်း ပြ၍ ငြင်းဆို ခဲ့သည်။ထို့ကြောင့် အာဆီယံသည် မြန်မာနိုင်ငံမှ အဖြစ်အပျက်များကို ရည်ရွယ်ချက်ဖြင့် စောင့်ကြည့်နေသည်။ ယခုဆိုလျှင် မျှော်လင့်ချက် အတွက် အကြောင်းပြစရာများ ရှိနေသည်။ အပေါင်းလက္ခဏာဆောင်သော လုပ်ဆောင်ချက်များ ရှိနေသည်။ နိုဝင်ဘာ (၇) ရွေးကောက်ပွဲအပြီး ရက်များ မကြာမီ တွင် ဒေါ်အောင်ဆန်းစုကြည်အား ခုနစ်နှစ်ကြာ နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ ထို့နောက်တွင် နှစ်ဖက်စလုံးသည် တွေ့ဆုံ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ခဲ့သည်။ နောက်ဆုံး စကား ပြောမှုများကို ဇူလိုင်(၂၅)တွင် စတင်ခဲ့သည်။ သုံးရက်အကြာတွင် ဒေါ်အောင်ဆန်း စုကြည်က အစိုးရနှင့် လက်နက်ကိုင်သူပုန် အုပ်စုများကို အပစ်အခတ်ရပ်ရန် တောင်းဆိုခဲ့ပြီး သူမ၏ စိတ်ပိုင်းဆိုင်ရာ သြဇာလွှမ်းမိုးနိုင်မှု၏ သန်စွမ်းမှုကို ပြသခဲ့သည်။

မကြာသေးမီရက်များအတွင်းက ဦးသိန်းစိန်အစိုးရသည် သူပုန်အုပ်စုများနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း အသံပြုခဲ့သည်။ ယခုလ အတွင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ရန်ကုန်တွင် နှစ်ကြိမ်တွေ့ဆုံခဲ့သည်။ ယခုလလယ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ၏ဆန္ဒကို ဆန့်ကျင်လျက် ပဲခူးသို့ ခရီးထွက်ခဲ့သည်။ ခရီးထွက်လျှင် ဒုက္ခဖြစ်နိုင်ကြောင်း နေပြည်တော်မှ သတိပေး ခဲ့သော်လည်း အစိုးရတာဝန်ရှိသူများသည် သူမ၏ခရီးစဉ်တွင် အကူအညီပေးခဲ့ကြသည်။

သတင်းများ၏ အဆိုအရ သူမ၏ကားတန်းမီးပွိုင့်များ အနီးသို့ရောက်လာချိန်တွင် မီးစိမ်းပေးထားသည်ဟု ဆိုသည်။ ထို့ကြောင့် အစိုးရက လိုလိုလားလား ကူညီသည်ဟု ဆိုရမည် ဖြစ်သည့်နည်းတူ အစိုးရသည် အရာရာကို ထိန်းချုပ်ထားသည်ဟူသော လက္ခဏာဟု ယူသော် ရသည်။ ထိုရက် များအတွင်းမှာပင် ဦးသိန်းစိန်သည် နိုင်ငံခြားတွင် နေထိုင်ကြသော အစိုးရဆန့်ကျင်သူများကို ပြန်လာပြီး တိုင်းပြည်အတွက် အလုပ်လုပ်ပေးကြရန် ဖိတ်ခေါ်ခဲ့သည်။ ထိုနေ့တွင်ပင် ၄င်းသည် ဒေါ်လာငွေတန်ဖိုးကျနေမှုကြောင့် ပို့ကုန်များထိခိုက်နစ်နာမှုဖြစ်နေသော စီးပွားရေး အခြေအနေကို စိတ်မကောင်းကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ တိုင်းပြည်အများစု အတွက်မူ သမ္မတ၏ ထိုသို့သော လုပ်ဆောင်မှုကို အဓိပ္ပါယ်များများ ကောက်ယူ လိမ့်မည် မဟုတ်သော်လည်း မြန်မာနိုင်ငံအတွက်မူ လေးနက်စွာ ထည့်သွင်းစဉ်းစားရမည့်ကိစ္စ ဖြစ်နေသည်။သမ္မတက တိုင်းပြည်မှ ထွက်ပြေးသွားသူ များ နှင့် ဒုက္ခသည်များသည် တိုင်းပြည်သို့ ပြန်လာရာတွင် ကြောက်ရွံ့နေစရာမလိုကြောင်း ပြောဆိုခဲ့သည်။ ၄င်းက လေးနက်စွာ စဉ်းစားရမည့် စီးပွားရေး အရ ပြဿနာများရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။

အစိုးရက ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် အကြံပြုရေးအတွက် IMF အား ဖိတ်ကြားခဲ့ခြင်းသည် ကောင်းမွန်သော လုပ်ရပ် ဖြစ်သည်။ IMF ၏ အကြံပြုချက် အားလုံးသည် အသုံးဝင်မည်၊မ၀င်မည် မပြောနိုင်သော်လည်း ဖိတ်ကြားခဲ့ခြင်းကပင် ပိုမိုလမ်းပွင့်ပေးမှု ကို ပြဆိုခဲ့ သည်။ ပြီးခဲ့သည့် အင်္ဂါနေ့က ဦးသိန်းစိန် သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးပါတီ (၃၇) ခုမှ ကိုယ်စားလှယ်များ အား နေပြည်တော်တွင် ပြုလုပ်မည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်သို့ ဖိတ်ကြားခဲ့သည်။ ၄င်းသည် ဒေါ်အောင်ဆန်းစုကြည်အတွက် မြို့တော်သစ်သို့ ပထမဆုံးခရီး ဖြစ်မည် ဖြစ်သည်။

သို့သော် နေပြည်တော်သို့ သွားရောက်ခြင်း၊ ဖိုရမ်တက်ရောက်ခြင်းထက် အရေးကြီးသော ကိစ္စမှာ သူမနှင့် ဦးသိန်းစိန် တွေ့ဆုံခြင်းပင် ဖြစ် သည်။ ၄င်းတို့၏ တံခါးပိတ်ဆွေးနွေးမှုသည် မြန်မာနိုင်ငံတွင်းရော ပြည်ပတွင်ပါ အနှစ်သာရ အပြည့်ရှိသော ကိစ္စရပ်ဖြစ်ကြောင်း နှစ်ဖက်စလုံးက သဘောပေါက်ကြသည်။ အာဆီယံသည် လာမည့် နိုဝင်ဘာလ ဘာလီတွင် ကျင်းပမည့် အစည်းအဝေးတွင် မြန်မာနိုင်ငံအား ဥက္ကဋ္ဌနေရာ ပေးရေး၊ မပေးရေး ဆုံးဖြတ်ရန် စီစဉ်ထားသည်။ ယခုနှစ် အစောပိုင်းက ဦးသိန်းစိန်သည် လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှားအစိုးရ၏ သမ္မတ Susilo Bambang Yudhoyono အား ၂၀၁၄ တွင် ဥက္ကဋ္ဌနေရာ လျှောက်ထားမှုအား ထောက်ခံရန် ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခဲ့သည်။

ယခုအချိန်အထိမူ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marty Natalegawa သည် မြန်မာနိုင်ငံသို့ အလျင်စလို သွားရောက်လိုခြင်း မရှိပေ။ အချိန် မတိုင်မီ သွားရောက်ခဲ့မည်ကို သတိထားနေခြင်းဖြစ်ြ ပီး ပြုပြင်ပြောင်း လဲရေးများ ပြုလုပ်နိုင်ရန် အချိန်ပေး ထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြဿနာ ပေါင်းစုံ၏ အလယ်ဗဟိုမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခြင်းတည်းဟူသော အချက်ပင်ဖြစ်သည်။ တစ်ချိန်က စစ်အစိုးရ ဖြစ်ခဲ့ ဖူးသော မြန်မာအစိုးရသစ် သည် တိုင်းပြည်တွင် လိုအပ်နေသော ပြုပြင်ပြောင်းလဲမှုများကို အမှန်တကယ် အလေး ထားခြင်းရှိမရှိ ပြည်သူများရော၊ အတိုက်အခံများကပါ မယုံရဲ ဖြစ်နေပါသေးသည်။ ထို့ကြောင့်နိုင်ငံ တကာ အသိုင်းအဝိုင်းကပါ ယုံကြည်မှု ပျောက်ဆုံးနေရခြင်း ဖြစ်သည်။

အာဆီယံ ကိုယ်၌ကလည်း မြန်မာနိုင်ငံကို ဥက္ကဋ္ဌနေရာအတွက် ကြိုဆိုခဲ့ရခြင်းကို နောင်တမရလိုသည် ဖြစ်ရာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလှ သည် မဟုတ်ပေ။ ယုံကြည်မှု ရှိစေနိုင်သည့် အရေးပါသည့် လုပ်ဆောင်မှုမျိုးကလည်း မရှိဖြစ်နေရာ၊ သံသယများ ကာလရှည်ကြာခဲ့ရသည်။ သို့သော် လက်တွေ့တွင် တိုးတက်မှုအမှန်တရား အချို့လည်း ရှိနေသည်။

ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဆင့်မြင့်တာဝန်ရှိသူများနှင့် ပို၍ ထိတွေ့လာခြင်း၊ တရားဝင် အခမ်းအနားများတွင် သူမ အား ပိုမိုတွေ့မြင်လာခြင်းများ ဖြစ်သည်။ ထိုအခြင်းအရာများ ဆက်လက်ဖြစ်နေလိမ့်ဦးမည်ဟု ယူဆရသည်။ တစ်ချိန်တည်းမှာပင် သူမနှင့် အာဆီယံ တို့၏ ထိတွေ့ဆက်ဆံမှုကလည်း အရေးကြီးသည်။ ယခုအထိမူ ထိုသို့ဆက်ဆံရေး လုံးဝမရှိသေးပေ။ လူတိုင်းမျှော်လင့်နေကြသော ပြုပြင်ပြောင်းလဲပြီး ဖြစ်သည့် မြန်မာနိုင်ငံကို မြင်ရရန် အချိန်ပေါ်တွင် များစွာ မူတည်နေပါသည်။ မေးရမည့်မေးခွန်းမှာ အစိုးရမူဝါဒဖြင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မည် လော။ သို့မဟုတ် အားနည်းသော စီးပွားရေးနှင့် ဗိုလ်ချုပ်အိုကြီးများ တွဲလျက်သွားနေဦးမည်လော ဟူ၍ပင် ဖြစ်သည်။