ဒီမိုကရေစီခေါင်းဆောင်နှင့် အာဏာပိုင်ခေါင်းဆောင်တို့သည် သူတို့အာဏာရရာရကြောင်း နည်းမျိုးစုံ ကြိုးပမ်း မှုများ ရှိသော်ငြားလည်း ရင်ဆိုင်ရသည့် ပြဿနာ၊ စိမ်ခေါ်မှုများမှာ တူညီကြသည်တော့မဟုတ်။ ဒီမိုကရေစီ ခေါင်းဆောင်မှာ နောက်တစ်ကြိမ် ရွေးကောက်ပွဲအနိုင်ရရေး၊ သူ၏ ပါတီ လွှတ်တော်နေရာ အများအပြားရရှိရေးစသည့် အခက်အခဲများကို ရင်ဆိုင်ကြရလေသည်။
အာဏာပိုင်ခေါင်းဆောင်များမှာမူ သူ၏အုပ်ချုပ်ရေးစနစ် အတွင်းရှိ အင်အားစုများ၊ လူအဖွဲ့အတွင်းရှိ အင်အားစုများ (ကျောင်းသားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ)၊ ခွဲထွက်ရေး လက်နက်ကိုင် သူပုန်များနှင့် ရင်ဆိုင်ကြရသည့်အတွက် ဒီမိုကရေစီခေါင်းဆောင်ထက်ပို၍ ခြိမ်းခြောက်မှုများကို ပိုမိုတွေ့မြင်ရလေသည်။ အာဏာပိုင်ခေါင်းဆောင် များသည် ယှဉ်ပြိုင်မှုပြင်းထန်သော ရွေးကောက်ပွဲကို မည်သို့မှဝင်ရောက်ယှဉ်ပြိုင်နိုင်မှု မရှိရသည့် အကြောင်းအရင်းမှာ သူတို့၏ အကျိုးစီးပွားသည် လူထု၏ လိုလားတောင်းဆိုချက် များနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
အာဏာပိုင် ခေါင်းဆောင်များ ရင်ဆိုင်ရသည့် အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာနှစ်ခုမှာ တော်လှန်ပုန်ကန် သူများကို မည်သို့ ခြိမ်းခြောက် ဟန့်တားရမည်နှင့် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်နည်းဟူ၍ ဖြစ်လေသည်။ အာဏာပိုင် ခေါင်း ဆောင်သည် တော်လှန်ပုန်ကန်ရန်အလားအလာရှိသည့် အင်အားစုများကို အနီးကပ်စောင့် ကြပ်ကြည့်ရှုရန် လျှို့ဝှက်အဖွဲ့ တာဝန်ပေး ခိုင်းစေခြင်းဖြင့် သူတို့၏ အာဏာထိပါးမှု ဟန့်တားထိန်းချုပ်နိုင်ခဲ့ လေ သည်။ သို့သော် ဤကဲ့သို့ နှိမ်နင်းရေး အဖွဲ့ကို ဖွဲ့စည်းခြင်းသည် ဥပဒေပြဋ္ဌာန်းရခြင်း၊ အမိန့်ဒီဂရီကို ကြေညာ ရခြင်း၊ ဆန့်ကျင်သူများကို စောင့်ကြပ် ကြည့်ရှု ရခြင်းတို့ ပြုလုပ်ရခြင်းကြောင့် စရိတ်စက အလွန်ကုန် သော ကိစ္စရပ်လည်းဖြစ်လေသည်။
ဤသို့နှင့် အာဏာပိုင် ခေါင်းဆောင်များသည် ဤကဲ့သို့သော စရိတ်စကများကို လျော့ပါးစေ ရန်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန် အခြားနည်းလမ်းများကို စဉ်းစားလာကြလေသည်။ ဤသည်ပင်လျှင် ဒီမိုကရက်တိုက်ဇေးရှင်း၏ လမ်းစပင် ဖြစ်လေတော့ သည်။
သို့သော် အာဏာပိုင်ခေါင်းဆောင်များသည် လူ့အဖွဲ့အတွင်းရှိ အင်အားစု အားလုံးကို လိုလိုလားလားဖြင့် ပါဝင်ခွင့်ပေးခဲ့သည်တော့မဟုတ်ပါ။ သူတို့ ရင်ဆိုင်နေရသော ဆန့်ကျင်မှု ဒီဂရီအနည်းအများလိုက် အတိုက်အခံများနှင့် ပူးပေါင်းဆောင်ရွက်မှု ပုံသဏ္ဍန်မျိုးစုံရှိလာနိုင်လေသည်။ ရေတိုတွင် သူတို့၏ လုံးဝလွှမ်းမိုးသွားမည့် အင်အားစုကို ဆက်လက် ကန့်သတ် ထိန်းချုပ်ခြင်းများ ပြုလုပ်မည်ဖြစ်သော်လည်း သဘောထားပျော့ပြောင်းသော အင်အားစု ကိုတော့ ပါဝင်ခွင့် ပေးမည်သာဖြစ်လေသည်။
အာဏာပိုင် ခေါင်းဆောင် များသည် ဤသို့သော ပူးပေါင်းဆောင်ရွက်မှုကို အခြောက် တိုက် အောင်မြင်အောင်ပြု လုပ်နိုင်သည်တော့မဟုတ်။ သဘောထားမတူညီသည့် အုပ်စုအား မက်လုံးများ၊ လုပ်ပိုင်ခွင့်များပေးပါမှ ပူးပေါင်းပါဝင် လာနိုင်မှာ ဖြစ်လေသည်။ မက်လုံးများသည် မူဝါဒရေးရာ သဘောတူညီမှုများ အနေဖြင့် လည်းကောင်း၊ စီးပွားရေးရာလုပ်ပိုင်ခွင့် အနေဖြင့်လည်းကောင်း တည်ရှိနိုင်လေသည်။
အာဏာပိုင်ခေါင်းဆောင်များသည် ဤသို့သော လူ့အဖွဲ့အစည်းအတွင်းရှိ အင်အားစုများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဥပဒေပြုအမတ်များနှင့် နိုင်ငံရေးပါတီများကို ပါဝင်သည့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများကို စနစ်တကျ တည်ဆောက်လာလေသည်။ သို့နှင့် လွှတ်တော်ကဲ့သို့သော နိုင်ငံရေး အင်စတီကျူးရှင်းများ တွင် အတိုက်အခံ အင်အားစုများ၏ အသံကို ပိုမိုကြားရနိုင်သည့်အပြင်၊ ယင်းတို့၏ တောင်းဆိုချက်များကို အင်စတီကျူးရှင်း ဘောင်အတွင်းတွင် ညှိနှိုင်းအဖြေရှာ၍ ရနိုင်လေသည်။
ယင်းသို့ နိုင်ငံရေးဖိုရမ်များတွင် လိုလားချက်၊ တောင်းဆိုညှိနှိုင်းများကို စည်းမျဉ်း စည်းကမ်းများနှင့် အညီပြုမူခြင်းဖြင့် ရလဒ်တစ်ခုထွက်ပေါ်လာအောင် ဆောင်ရွက်ခြင်းသည် လမ်းပေါ်ထွက် ဆန္ဒပြ၍ တောင်းဆိုနေခြင်းထက်တော့ တော်တော်ခရီး ရောက်ပေလိမ့်မည်။ ဥပမာအားဖြင့် ဂျော်ဒန်နိုင်ငံ ဘုရင်ဟူဆန်သည် မူဆလင် ညီအကိုတော်များအဖွဲ့အား ပညာရေးနှင့် ဘာသာရေးမူဝါဒဆိုင်ရာ ကိစ္စရပ်များတွင် အချို့လုပ်ပိုင်ခွင့် များကိုပေး၍ လွှမ်းမိုးစေခြင်းဖြင့် လိုလားချက်များကို လမ်းပေါ်ထွက် တောင်းဆိုခြင်းများထက် ဖွဲ့စည်းထားသော နိုင်ငံရေး အင်စတီး ကျူးရှင်အတွင်း ညှိနှိုင်းအဖြေရှာ ဥပဒေပြုခြင်းမျိုး ကိုသာ ပြုလုပ်ကြောင်းတွေ့ရလေသည်။ ဆိုလိုသည်မှာ ယခင်တရားမဝင် အတိုက်အခံကို နိုင်ငံရေးဖိုရမ်အတွင်း တရားဝင် အတိုက်အခံအဖြစ် ထားရှိကာ အမျိုးသားရေး စိန်ခေါ်မှုများကို ပူးပေါင်း ဖြေရှင်းခြင်းမျိုး ဖြစ်လေသည်။
မြန်မာနိုင်ငံသည် အာဏာပိုင်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ်သို့ကူးပြောင်းခဲ့သော်ငြားလည်း ယခင် အာဏာပိုင်အုပ်စိုးမှု၏ တည်ဆဲ အီလစ်များသာ လွှမ်းမိုးခြယ်လှယ်ထားလျက် ရှိကြောင်းတွေ့မြင်ရလေသည်။ သို့သော် လက်ရှိ အုပ်ချုပ်သူများသည် အမျိုးသားအကျိုးစီးပွားကို ရှေ့ရှု၍ အတိုက်အခံများနှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဟူသော အမြင်ရှိ လာလေပြီဖြစ်သည်။
ထိုသို့ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်ကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ဖို့ ဒီမိုကရေစီအင်စတီကျူးရှင်များကို အတိုက်အခံများနှင့် ပူးပေါင်းတည်ဆောက်ခြင်းဖြင့် အမျိုးသား ပြဿနာ များကို အောင်မြင် စွာ ကျော်လွှားဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း………။
ဆောင်းပါး..Y C..