02 January 2011

ရန်ကုန်မြို့ရှိယာဉ်ထိန်းရဲတွေ ပြည်သူများကိုငွေတောင်းရမ်းပုံအား စောင့်ကြည့်ဘို့ထင်ပါတယ်CCTV ကင်မရာတွေမီးပွိုင့်များမှာ တပ်ဆင်တော့မည့်တဲ့..။

သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်သည့်မော်တော်ကားများကို မှတ်တမ်းတင်ရိုက်ကူးနိုင်မည့် IP (Internet Protocol) ကင်မရာများကို ရန်ကုန်မြို့ရှိ ယာဉ်ကြောရှုပ်ထွေးသည့်မီးပွိုင့်လမ်းဆုံပေါင်း ၃၀ ကျော်တွင် ဆက်လက်တပ်ဆင်မည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့အတွက် နည်းပညာပိုင်းပံ့ပိုးပေးလျက်ရှိသည့် Fisca Enterprises Co., Ltd တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုတပ်ဆင်မည့်ကင်မရာများသည် ယခင်ကတပ်ဆင်ခဲ့သည့် CCTV ကင်မရာများထက် နည်းပညာပိုင်းအရ ပိုမိုမြင့်မားသည့်အတွက် ကင်မရာအသစ်တစ်လုံးသည် ယခင်ကင်မရာအဟောင်းလေးလုံးနှင့် စွမ်းဆောင်ရည်တူညီကြောင်းဆိုသည်။ “ကမ္ဘာအေးဘုရားလမ်းက ချော်တွင်းကုန်းမီးပွိုင့်မှာ အရင်ကတည်းက CCTV ကင်မရာတပ်ထားပြီးသား အခုကအဲဒီ CCTV ကင်မရာထက်ကောင်းတဲ့ IP ကင်မရာကို စမ်းသပ်ခဲ့တာအောင်မြင်ခဲ့လို့ ဆက်ပြီးအင်းစိန်ကပေါက်တောဝမီးပွိုင့်မှာ ထပ်ပြီးတပ်ခဲ့တယ်။

အဲဒီ IP ကင်မရာက အရင်တုန်းက CCTV ကင်မရာထက် အားသာချက်တွေအများကြီးရှိတယ်။ သူက Over Speed နဲ့မောင်းလာတဲ့ကားတွေပါ စိစစ်မှတ်တမ်းတင်နိုင်တယ်။ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ကားတွေကို ချက်ချင်းသိနိုင်တယ်။ ဥပမာ-မိုင် ၃၀ နှုန်းနဲ့မောင်းရမှာကို ၃၁ မိုင်နှုန်းလောက်နဲ့မောင်းတာနဲ့ အဲဒီ IP Camera ကမှတ်တမ်းတင်ထားမှာပါ။ ပြီးတော့ဒီကင်မရာ အရင်တွေထက်အားသာတာက တစ်လုံးထဲနဲ့ လေးကွက်လောက်ရိုက်လို့ရတယ်။ အရင် CCTV ကင်မရာတွေက လေးလုံးရှိမှ လေးကွက်ရိုက်လို့ရတာ၊ ဈေးနှုန်းကတော့သုံးစွဲတဲ့ကင်မရာနဲ့ Lens အကြီးအသေးပေါ်မူတည်ပြီး အမျိုးမျိုးရှိတယ်” ဟု ထိုတာဝန်ရှိသူကပြောသည်။

လက်ရှိတွင် CCTV ကင်မရာ များတပ်ဆင်ထားသည့် ရန်ကုန်မြို့ရှိမီးပွိုင့်များမှာ ဗဟန်းမြို့နယ်ရှိရွှေဂုံတိုင်မီးပွိုင့်၊ မင်္ဂလာဈေးစက်ရုံလမ်းနှင့် ဗညားဒလလမ်းထောင့်ရှိမီးပွိုင့်၊ မရမ်းကုန်းမြို့နယ်ရှိ ဘုရင့်နောင်မီးပွိုင့်၊ ကမ္ဘာအေးဘုရားလမ်းရှိ ချော်တွင်းကုန်းမီးပွိုင့်နှင့် အင်းစိန်ပေါက်တောဝမီးပွိုင့်တို့ဖြစ်သည်။ ယခုလက်ရှိအသုံးပြုနေသော CCTV ကင်မရာများတပ်ဆင်ထားသည့် မီးပွိုင့်များမှတဆင့် အချက်အလက်များကို ယာဉ်စည်းကမ်းထိန်းသိမ်းရေးရုံးသို့ ပို့ဆောင်ပေးနေရကြောင်း သိရသည်။