04 January 2011

မြန်မာပြည်တွင်းအင်တာနက် အသုံးပြုမှု မှတ်တမ်းများကို မြန်မာအင်ဖိုတက်သို့ လစဉ်ပေးပို့ရန် စည်းကမ်းထုတ်

အများပြည်သူသုံး အင်တာနက်ဆိုင်များတွင် လာရောက်သုံးစွဲသူများ၏ အင်တာနက်သုံးစွဲမှု မှတ်တမ်းကို အင်တာနက်ဆိုင်လိုင်စင် ထုတ်ပေးပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းဖြစ်သည့် မြန်မာအင်ဖိုတက်သို့ လစဉ်ပုံမှန် ပေးပို့ရန် စည်းကမ်းချက် ထုတ်ပြန်ထားကြောင်း ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင် တာဝန်ရှိသူအချို့က ပြောကြားသည်။ အဆိုပါ ညွှန်ကြားချက်ကို မြန်မာအင်ဖိုတက်၌ အင်တာနက်ဆိုင် လိုင်စင်ဖွင့်လှစ်ခွင့် လျှောက်ထားရာ၌ လိုက်နာကျင့်သုံးရမည့် စည်းကမ်းချက် ၁၂ ချက်အနက် တစ်ခုအဖြစ် ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ပေးပို့ခြင်းကို တရားဝင်လိုင်စင် ရယူဖွင့်လှစ်သည့် အင်တာနက်ဆိုင်တိုင်း ဆောင်ရွက်ရခြင်းဖြစ်ပြီး လာရောက်သုံးစွဲသူများ၏ အင်တာနက် အသုံးပြုမှုမှတ်တမ်းကို ကွန်ပျူတာ Screen Shot အဖြစ် ဖမ်းယူကာ စီဒီနှစ်စုံဖြင့် ပေးပို့ရခြင်းဖြစ်သည်။

ဒဂုံမြို့နယ်တွင် ဖွင့်လှစ်ထားသော အင်တာနက်ဆိုင် တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်က ဆော့ဖ်ဝဲ အကူအညီနဲ့ ငါးမိနစ်တစ်ကြိမ်၊ ကွန်ပျူတာ Screen Shot ကို ဖမ်းပေးထားရတယ်။ အင်တာနက်ဆိုင် ဖွင့်လှစ်ခွင့်လိုင်စင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေထဲမှာ လက်ဗွေယူတာတွေ၊ မှတ်ပုံတင်မိတ္တူ ယူထားတာကိုတောင် ပြုလုပ်ပေးရမယ်လို့ ပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်ကိုလည်း သံသယမရှိအောင် သုံးစွဲသူဘက်ကိုလည်း စိတ်အနှောင့်အယှက် မရှိအောင် ကြားထဲကနေ အဆင်ပြေအောင် ဆောင်ရွက်ပေးရတယ်”ဟု ပြောသည်။

မြန်မာအင်ဖိုတက်က ထုတ်ပြန်သည့် တရားဝင် စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် တရားဝင်ဖွင့်လှစ်ထားသော အင်တာနက်ဆိုင်ပေါင်း ၇၀၀ ကျော်ရှိပြီး တရားဝင်မှတ်ပုံ မတင်ထားသော အင်တာနက်ဆိုင်များကိုပါ ထည့်သွင်းတွက်ချက်ပါက အင်တာနက်ဆိုင်ပေါင်း ၂၅၀၀ ခန့်ရှိနိုင်ကြောင်း ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။