05 January 2011

အမျိုးဂုဏ်၊ဇာတိဂုဏ်မြင့်မားရေးနှင့်ယဉ်ကျေးမှု၊အမွေအနှစ်များ မပြောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြောဆိုနေတာတွေကိုစစ်အာဏာရှင်များဖျက်လိုက်ပါရှင်.


မန္တလေးကျုံးအတွင်းရှိ ရတနာပုံ ခေတ်လက်ကျန် ရှေးဟောင်းစက်ရှင် တံတားကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်၍ ဖျက်သိမ်းလျက်ရှိကြောင်း သိရှိရပါသည်။

မန္တလေး ရတနာပုံမြို့ တည်ရာတွင် မြို့တော်လေးရပ်၌ ပြာသာဒ်ဘုံခုနစ်ဆင့်ရှိ ဓာတ်တံခါးလေးရပ်နှင့် ပြာသာဒ်ဘုံငါးဆင့်ရှိ မိတ်တံခါးရှစ်ရပ်၊ စုစုပေါင်းတံခါး ၁၂ ရပ်ရှိရာ အဆိုပါ တံခါးများသို့ ကျုံးကိုဖြတ်၍ တံတားကြီးများ ထိုးထားရာ၌ စက်ရှင်တံတားမှာ ကျုံးအနောက်မျက်နှာ အလယ်ရှိ စက်ရှင်တံခါးပေါက်သို့ ဆက်သွယ်ထားကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့ခံ တစ်ဦးကလည်း "စက်ရှင်တံတားကို အရင်တုန်းကတော့ စည်ရှည်တံတားလို့ ခေါ်ခဲ့ကြတယ်လို့ စာပေတွေထဲမှာ ဖတ်မှတ်ဖူးပါတယ်။ ပါပဓာတ်တံခါးကို 'စရေ'ဆိုတဲ့ ဓာတ်ဖက်နံသင့် သဘောအရ စည်ရှည်တံခါးလို့ သမုတ်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ စည်ရှည်ကနေ စက်ရှင်လို့ ဖြစ်လာတယ်"ဟု ဆိုပါသည်။

မန္တလေးကျုံးနှင့်မြို့ ရိုးတွင် အရှေ့ဘက်မျက်နှာရှိ ဦးထိပ်တံတား၊ တောင်ဘက်မျက်နှာ ကျော်မိုးတံတား(ခ) မင်္ဂလာတံတား၊ အနောက်ဘက် မျက်နှာရှိ ကြေးမုံတံတား(ခ) အာဠာဝီတံတား၊ မြောက်ဘက်မျက်နှာရှိ လေးသိန်း တံတားတို့သည် ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက ပျက်စီးခဲ့ပြီး အသစ်ပြန်လည် တည်ဆောက်၍ လက်ရှိ အသုံးပြုလျက်ရှိကြောင်း တွေ့ရှိရသည်။ စက်ရှင်တံတားမှာ အနောက်ဘက်မျက်နှာ အလယ်တည့်တည့်၊ ၁၉ လမ်းနှင့် မျက်နှာပြုတည်ရှိပြီး မူလပကတိမှ စစ်ကြောင့် ပျက်စီးသည့်အတိုင်း နှစ်ပေါင်း (၇၀) နီးပါး တည်ရှိခဲ့ပြီးနောက် ယခု စတင် ဖျက်သိမ်းသည်ကို တွေ့ ရခြင်း ဖြစ်သည်။

ကျုံးမြောက်ဘက်၊ အရှေ့ဘက်နှင့် တောင်ဘက်မျက်နှာများရှိ ကျုံးကူး တံတားကြီးများမှာ ဘုံခုနှစ်ဆင့်ရှိ ပြာသာဒ်ကြီးများနှင့် အဓိက တံခါးကြီးများကို ဆက်သွယ်ထားသော်လည်း အနောက်ဘက်မျက်နှာရှိ လက်ရှိ အသုံးပြုနေသော ကြေးမုံတံခါး(ခ)အာဠာဝီတံခါးမှာ မလွယ်ပေါက်ဟု ခေါ်ဆိုရမည့် ဘုံငါးဆင့်ရှိ ပြာသာဒ်ပေါက်ထားသော မိတ်တံခါးနှင့် ဆက်သွယ်ထားသည့်အပြင် ရတနာပုံခေတ်က အနောက်ဘက် လူသတ်ကုန်းနှင့်သင်္ချိုင်းတော်သို့ ရာဇ၀တ်သားနှင့် အသုဘ ရုပ်အလောင်းများ ထုတ်သည့် အမင်္ဂလာ တံတားအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဒီသတင်းအား news-eleven ဂျာနယ်တွင် ဖော်ပြပါရှိပါသည်.။