06 January 2011

မန္တလေးဆေးတက္ကသိုလ် ဒုတိယနှစ် ဆေးကျောင်းသား ၂၅ ယောက်ကို ထုတ်ပယ်ခံရ


မန္တလေးဆေးတက္ကသိုလ် ဒုတိယနှစ် ဆေးကျောင်းသား ၂၅ ယောက်ကို အောက်တိုဘာနဲ့ နိုဝင်ဘာလ စာမေးပွဲ များအပြီးတွင် သတ်မှတ်အဆင့် မမှီသောကြောင့် ဆေး ကျောင်းမှ အပြီးအပိုင် ထုတ်ပစ်ခဲ့သည်။

ယခု အထုတ်ခံရတဲ့ ဆေးကျောင်းသား ၂၅ ယောက်မှာ ကျောင်းခေါ်ချိန် မပြည့်တာရော၊ သုံးခါဖြေရတဲ့ စာမေးပွဲမှာပါ မအောင်တာကြောင့် ပါမောက္ခချုပ် ဒေါက်တာသန်းဝင်း လက်မှတ်နဲ့ ကျောင်းကနေ အပြီးအပိုင် ထုတ်ပစ်လိုက်ခြင်း ဖြစ်သည်။

မိဘများက မျှော်လင့်ချက်နဲ့ ပင်ပင်ပန်းပန်း ကြိုးစားရုန်းကန်ထားရတဲ့ကြားက အခုလို ကျောင်းကနေ အပြီးအပိုင် အထုတ်ခံလိုက်ရတဲ့အတွက် ဘယ်သူ့ကို အကူအညီတောင်းရမှန်းမသိ ဖြစ်နေကြောင်း မိဘတဦးက ရင်ဖွင့်ပြောဆို ပါသည်။ “အောက်တိုဘာ နိုဝင်ဘာစာမေးပွဲမှာ ဘာသာရပ်အားလုံးကျတယ်ဆိုပြီးတော့ ၂၅ ယောက် ထုတ်လိုက်တာ၊ ခုတော့ ကျနော်တို့ ကိုယ်တိုင်ခံစားရပါတယ်။ ဘယ်တိုင်လို့တိုင်ရမှန်းလဲမသိ ဘာလုပ်လို့လုပ်ရမှန်းမသိ၊ ကျနော်တို့လည်း မရှိမဲ့ ရှိမဲ့ကြားကကျောင်းထားခဲ့ပြီး ဂုဏ်ယူနေတယ်။ ခုတော့ သောင်ပြင်လွှတ်တဲ့ ခွေးလိုဖြစ်နေတယ်။ လူသေသလိုခံစားရတယ်၊ တချို့ဆိုငိုနေတာ ခုထိတောင်ငိုလို့ မပြီးသေးဘူး” ကျောင်းသားမိဘတစ်ဦး ပြောခဲ့ခြင်း ဖြစ်သည်။

ကျောင်းသားတွေ ခုလိုကျောင်းထုတ်ခံရတာနဲ့ပတ်သက်ပြီး မန္တလေးဆေးတက္ကသိုလ်မှာ စာသင်ပေးနေတဲ့ ကထိကဆရာတစ်ယောက်ကတော့ “အရည်အချင်းမြှင့်တဲ့ ကာလဆိုတော့ ကျောင်းသားတွေကို ပိုတော်လာအောင် ဆရာတွေ ဘက်ကတော့ လုပ်နေကြတာပါပဲ။ စကန်းရီးယားကနေ ပတ်တူးထိက နှစ်ကြိမ်ထိ ကျခွင့်ရှိတယ်။ ၃ကြိမ်ကျရင်တော့ ထုတ်ပစ်လိုက်တာပေါ့။ ကျနော်တို့ခေတ်တုန်းက ဆေးတက္ကသိုလ် ကျောင်းသားနဲ့တော့ လုံးဝ မတူတော့ဘူး။ တချို့က ၀ါသနာမပါဘဲနဲ့ လာတက်ကြတာကိုး။ မိဘတွေရဲ့ ဘိုင်ဖိုစ်နဲ့တက်ရတော့ တက်ရင်းနဲ့ စာတွေကလည်း အရမ်းများတဲ့အခါကျတော့ ကျောင်းနဲ့ ပိုပြီးအလှမ်းဝေးသွားတဲ့သဘော၊ ဒါတွေကတော့ရှိပါတယ်” ဟု ရှင်းပြသည်။

ဒီလိုဖြစ်တဲ့ ကိစ္စဟာ ကျောင်းသားရော သက်ဆိုင်ရာ ဆေးတက္ကသိုလ်ရဲ့ အားနည်းမှုတွေကြာင့် ဖြစ်ကြောင်း ကျောင်းအပြီး ဆရာဝန်ဖြစ်ကာစ တစ်ယောက်က သူ့အတွေ့အကြုံကို ယခုလို ပြောပြသည်။
“စာတွေကတော့ခက်တယ် ခက်တာကိုမှ ကျောင်းသားတွေကလည်း ဂိမ်းဆိုင်တွေ၊ ကျူခုံတွေတို့၊ စင်တင်တို့၊ မာဆတ်ရှ်တို့ အကုန်ရောက်နေတာကို။ ခုကစည်းကမ်းနဲ့ ကိုင်မယ်ဆိုပြီး လုပ်လိုက်တာ ဒီဘက်ကလည်း အားနည်းချက်တွေ ရှိတာပဲ။ သင်တဲ့သူဖက်ကလည်း အားနည်းချက်ရှိတာပဲ။ သင်ထောက်ကူပစ္စည်းဆို မိုက်ကရိုစကုပ်ဆို တစ်ယောက်တလုံးရှိရမှာ လူလေးငါးဆယ် တစ်လုံး ကြည့်ရတယ်။ ပြီးတော့ အလောင်းတွေဘာတွေ ခွဲစိပ်လုပ်ရတာလည်း အရင်တုန်းက လေးငါးယောက် တစ်လောင်းပေါ့လေ။ ခုက ၁၀ချီ ရာချီမှ တစ်လောင်းဆိုတော့ ဘယ်သူမှလည်းဝင်မစမ်းဖြစ်တော့ဘူး။ စာကိုလည်း စိတ်ဝင်စားမှုမရှိဘူး။ အဲလိုဖြစ်နေတာ ကျောင်းသားဦးရေများပြီး သင်တဲ့ ဆရာကလည်းနည်း၊ ကြပ်မတ်မှုကလည်း မကောင်း။ အဲလိုဖြစ်နေတာ” ဟု ကျောင်းပြီးကာစ ဆရာဝန်တဦးပြောသွားခဲ့သည်။

ယခုလို ဆေးကျောင်းသားဘ၀ကနေ ရာသက်ပန် ထုတ်ခံလိုက်ရတာကြောင့် ကာယကံရှင် ကျောင်းသားတွေထက် မိဘတွေမှာ ရတက်ပွေပြီး သောကတွေပင်လယ်ဝေနေကြသည်။

သတင်းရင်းမြစ်..Mauk Kha